31.3.16

နိုင်ငံတကာတွင် အီိဘိုလာ အရေးပေါ် အခြေအနေမှာ ကျော်လွန်သွားပြီဟု WHO ထုတ်ပြန်


အနောက် အာဖရိကမှ အီဘိုလာရောဂါ ဖြစ်ပွားမှုသည် အပြည်ပြည်ဆိုင်ရာ အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်း မတ် ၂၉ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဥက္ကဋ္ဌဖြစ်သူ မာဂရက်ချန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် သြဂုတ်လက စတင်ကြေညာခဲ့သော အီဘိုလာ အရေးပေါ် အခြေအနေသည် တရားဝင် အဆုံးသတ်သွားပြီဟု WHO က ကြေညာခဲ့သည်။လူသေဆုံးမှု အများဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှုသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ပြီး လူပေါင်း ၁၁၃၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။ သေဆုံးသူ အများစုမှာ ဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆီရာယာလီယွန်နိုင်ငံတို့မှ ဖြစ်သည်။ ထိုစဉ်က WHO သည် အီဘိုလာ ပျံနှံ့နေမှုအပေါ် ကနဦး တုံ့ပြန်မှု နှေးကွေးခြင်း၊ အီဘိုလာရောဂါ ဖြစ်ပွားမှုသည် အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်နေကြောင်းကို အများပြည်သူထံ ကြေညာရန် နှေးကွေးခဲ့ခြင်းတို့နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

ထိုဝေဖန်မှုများကြောင့် WHO သည် ပြီးခဲ့သည့်နှစ်က ၎င်း၏ အရေးပေါ် တုံ့ပြန်ရေး စနစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ဇီကာဗိုင်းရပ် လျင်မြန်စွာ ပျံ့နှံ့မှုနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ သတိပေးခဲ့သည်။ အီဘိုလာ ပျံနှံ့မှုသည် ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီရာယာလီယွန်နိုင်ငံတို့တွင် ပြန်လည် ဖြစ်လွယ်သည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ကြောင်း ချန်က အလေးပေး ပြောကြားခဲ့သည်။ ဂီနီနိုင်ငံတွင်မူ အီဘိုလာ ကင်းစင်ကြောင်း ကြေညာခဲ့ပြီးမှ ပြန်လည် ဖြစ်ပွားမှုကြောင့် ငါးဦး သေဆုံးခဲ့ပြီးဖြစ်သည်။ ထိုငါးဦးနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သူ ဦးရေသည် ၉၆၁ ဦး ရှိခဲ့ပြီး ၎င်းတို့ကို စောင့်ကြည့်နေသည်ဟု သိရသည်။

“လက်ရှိမှာ နိုင်ငံတကာကို အီဘိုလာ ပျံ့နှံ့နိုင်ခြေဟာ နည်းပါးတယ်။ နိုင်ငံတွေဟာလည်း အီဘိုလာ ပြန်လည် ဖြစ်ပွားမှုတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တဲ့ အခြေအနေတွေ ရှိနေကြပါတယ်” ဟု ချန်က ဆိုသည်။ အီဘိုလာရောဂါ ဖြစ်ပွားပါက လူနာကို အမြန်ဆုံး သီးသန့် ခွဲခြားထားရမည် ဖြစ်သည့်အတွက် ရောဂါပြန်လည် ဖြစ်ပွားလျှင် အမြန်ဆုံးနှင့် အပြည့်အ၀ တုံ့ပြန်ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်းလည်း ချန်က ပြောကြားခဲ့သည်။ အီဘိုလာ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ချန်က ပြောကြားခဲ့သည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment