24.6.16

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နာတူနာကျွန်းစုသို့ စစ်သင်္ဘောဖြင့် သွားရောက်

နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို အထင်အရှားပြသရန် ရည်ရွယ်လျက် အင်ဒိုနီးရှား သမ္မတဂျိုကို ဝီဒိုဒိုသည် စစ်သင်္ဘောတစ်စင်းဖြင့် လိုက်ပါကာ နာတူနာ ကျွန်းစုသို့ ဇွန် ၂၃ ရက်တွင် သွားရောက်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ နာတူနာကျွန်းစုသို့ သမ္မတဝီဒိုဒို သွားရောက်ခြင်းသည် ယင်းကျွန်းစု နယ်မြေအား နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို ပြသခြင်းဖြစ်သည်။ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ယင်း ကျွန်းစုအနီးရှိ ရေပြင်ကို ပိုင်ဆိုင်သည်ဟု အပြိုင်အဆိုင် ပြောဆိုနေကြသည်ဟု တရုတ်နိုင်ငံက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတဝီဒိုဒိုက စစ်သင်္ဘောတစ်စင်းဖြင့် ယင်းကျွန်းစုရှိရာသို့ သွားရောက်ခြင်းဖြစ်သည်။
သမ္မတ ဝီဒိုဒိုနှင့်အတူ အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ အတူလိုက်ပါခဲ့ကြပြီး ပင်လယ်ရေကြောင်း ပိုင်နက်နယ်မြေကိစ္စနှင့်ပတ်သက်၍ အစိုးရ အဖွဲ့၏ ရပ်တည်ချက်ကို အထင်အရှားပြသခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
သမ္မတ ဝီဒိုဒိုသည် စစ်သင်္ဘောပေါ်တွင် ဝန်ကြီးအဖွဲ့ အစည်းအဝေးတစ်ရပ်ကို ကျင်းပရန် စီစဉ်ထားကြောင်း သမ္မတရုံးက ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
ဝေးလံသီခေါင်သောဒေသရှိ နာတူနာကျွန်းစု အနီးတစ်ဝိုက် ရေပြင်သည် အင်ဒိုနီးရှားနိုင်ငံ၏ ပိုင်နက်အတွင်း ပါဝင်သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment