24.6.16

တားမြစ်နယ်မြေ ပြည်ပဧည့်သည်များသွား၍ ပြဿနာဖြစ်လျှင် လိုက်ပို့သူကို အရေးယူမည်

ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များအတွက် မသွားရနေရာများ သတ်မှတ်ထားရာ ယင်းနေရာများသို့ နိုင်ငံခြားသားများကို လိုက်ပို့ပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက လိုက်လံပို့ဆောင်သူကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။


“ကျွန်တော်တို့ ခရီးသွားလုပ်ငန်း ဥပဒေမှာ သွားမယ့်နေရာတွေကို အချိန်မီ သတင်းပို့ဖို့၊ သတင်းအတိအကျပေးဖို့ ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ အဲဒါတွေ မလုပ်ဘူး၊ တားမြစ်နယ်မြေတွေကို လိုက်ပို့တယ်၊ ပြဿနာဖြစ်တယ်ဆိုရင် ပို့ပေးတဲ့သူကို အရေးယူမှာပါ။ ဒီနှစ်ထဲမှာ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒါလည်း အရေးယူပြီးပါပြီ” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဆောင်ရွက်ရခြင်းမှာ မန္တလေးတိုင်းဒေသကြီး အတွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များအတွက် လုံခြုံရေး ပိုမိုဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပြီး မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ယင်းသို့ ဆောင်ရွက်ပေးနေသည့် အခြေအနေတွင် ခရီးသွားများကို လိုက်လံပို့ဆောင်ပေးသည့် ဧည့်လမ်းညွှန်များ၊ ဟိုတယ်ဝန်ထမ်းများ အနေနှင့် ခရီးသည်များအတွက် လုံခြုံရေးရှုထောင့်မှ ကြည့်ကာ သတ်မှတ်စည်းမျဉ်း၊ ဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း ဦးစန်းယုက ဆက်လက်ပြောကြားသည်။
“ဌာနအနေနဲ့ ပြဿနာ ဖြစ်လာမှ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုလုပ်ရမလဲ အဖြေရှာတာထက် ဘယ်ကနေ ဘယ်ထိကတော့ ကန့်သတ်နယ်မြေ ဖြစ်တယ် စသဖြင့် တိကျတဲ့ ထုတ်ပြန်မှုမျိုး ဟိုတယ်တွေ၊ ဧည့်လမ်းညွှန်တွေကို သင်တန်းပေးတာမျိုး စတာတွေ လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု အထက်မြန်မာပြည် ဧည့်လမ်းညွှန်အသင်း နာယက ဦးတင်ထွန်းက အကြံပြု ပြောဆိုသည်။
လက်ရှိ ဧည့်လမ်းညွှန်သင်တန်း တက်ရောက်ပြီးရုံဖြင့် လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန် အလုပ်လုပ်ကိုင်နေသည့် လူငယ်များကို တွေ့လာရပြီး ၎င်းတို့ကို ဌာနက စိစစ်ပြီး သင်တန်းပေးခြင်းများ လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု တော့ဖယ်ကျေးရွာတွင် ဒတ်ခ်ျနိုင်ငံသားတစ်ဦးနှင့် ၎င်း၏ အဖော် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ဧည့်လမ်းညွန်တစ်ဦးတို့သည် ကျေးရွာတွင်း လည်ပတ်ကြစဉ် ကျေးရွာအဝင်ထိပ်တွင် တိုက်မိုင်းဟု ယူဆရသော မိုင်းတစ်လုံး ထိမိကာ ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
Credit To >>>  The Voice Weekly

0 comments:

Post a Comment