24.6.16

Free Permit အတွက် နယ်မှ မှတ်ပုံတင် ငှားရမ်းပြီး ပြန်မပေး၍ အငြင်းပွား



ရန်ကုန်မြို့တွင် နေထိုင်ပြီး Free Permit ဖြင့် ကားတင်သွင်းလိုသူများသည် မိတ္ထိလာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ မြို့နှင့် နီးစပ်သော ကျေးရွာများတွင် နေထိုင်သော အခြေခံ လူတန်းစားများ၏ မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း) များကို ငွေကြေးပေး၍ ငှားရမ်းနေကြပြီး အချို့ ငှားရမ်းသူများ၏ စာရွက်စာတမ်းများ ပြန်မရကြောင်း မြို့ခံမော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက်တစ်ခု အသွင်ဖြင့် ဒေသခံပွဲစားများက ငွေထုတ်ပေး ကာ ရက်အတန်ကြာသည်အထိ ငှားရမ်းယူဆောင် အသုံးပြုမှုများ ရှိနေကြောင်း၊ ယင်းသို့ ယူဆောင်ရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ယူဆောင်သူများက သတ်မှတ်ချိန်အတွင်း ပြန်မပေးနိုင်သဖြင့် အငြင်းပွားမှုများလည်း ရှိနေကြောင်း ကာယကံရှင် မိသားစုများ အဆိုအရ သိရသည်။
“ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ထောက်ပံ့တယ်ဆိုပြီးတော့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း တစ်စုံကို တစ်သောင်းပေးတယ်။ ပြီးတော့ စာရင်းသွင်းစရာရှိလို့ ခဏ ယူသွားမယ်ပြောပြီး မှတ်ပုံတင် လေးခု ယူသွားတာ တစ်လကျော်သွားပြီ”ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်နွယ်နွယ်က ရှင်းပြသည်။
ယင်းသို့ ယူဆောင်သွားပြီး ပြန်မပေးသောကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြား၍ တောင်းခံသော်လည်း ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးသူသာ ရောက်လာပြီး လုပ်ငန်းလုပ်သူများက လာရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း၊ လတ်တလောတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ငှားရမ်းထားသူ ၂၀ ကျော် ရှိနေပြီး ဆက်လက် စုံစမ်းနေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အလားတူပင် အောင်ဇယျာ၊ ဝန်ဇင်း၊ ပြည်သာယာနှင့် စည်သူရပ်ကွက်တို့တွင်နေထိုင်သည့် အခြေခံ လူတန်းစား မိသားစုများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်များကို လာရောက် ငှားရမ်းမှုများလည်း ရှိကြောင်း၊ ထိုသို့ ငှားရမ်းရာတွင် ရပ်ရွာအတွင်းရှိ လူမှုရေး လုပ်ကိုင်သူများ သို့မဟုတ် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူးများကိုကြားခံ၍ ယုံကြည်အောင် ပြောကာ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အခြေခံ လူတန်းစားများ အနေနှင့် ငွေကြေး လိုအပ်ချက်များ အမြဲရှိနေ၍ ငှားရမ်းနေခြင်းဖြစ်ကြောင်း ရပ်ကွက်ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment