24.6.16

မြစ်ကြီးနားမြို့၌ မတော်တဆကျည်ပေါက်ထွက်သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားနှစ်ဦးသည် လုံခြုံရေးတာဝန်ခံအရာရှိ၏တာဝန်ပေးချက်အရ နှောင့်ယှက်ခံရသည့်လူငယ်လေးဦးကို ကူညီလိုက်ပါပို့ဆောင်စဉ် လူရှစ်ဦးက လုံးထွေးထိုးကြိတ်ပြီး သေနတ်လုယူရာမှ မတော်တဆကျည်ပေါက်ထွက်ပြီး မောင်ဂွမ်ဆိုင်းအောင် ထိမှန်သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဗလမင်းထင်တံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေခံတပ်လုံခြုံ ရေးအဖွဲ့ထံသို့ ဇွန် ၂ဝ ရက် ည ၉ နာရီခန့်က ဝိုင်းမော်ဘက်မှပြန်လာသော မြစ်ကြီးနားမြို့နေ မောင်ဝင်းမျိုးသန့်၊ မောင်ဆီဆာရဲ၊ မနန်းလေးဝါးနှင့် မနွေးစန္ဒီဇော်တို့ လေးဦးရောက်ရှိလာပြီး အမည်စိစစ်ဆဲ လူရှစ်ဦးက ၎င်းတို့ ဆိုင်ကယ်အား လုယူရန်နှောင့်ယှက်ခံရကြောင်းပြောဆို၍ အကူအညီတောင်းခံခဲ့ကြောင်း၊ တံတားလုံခြုံရေး တာဝန်ခံအရာရှိ၏တာဝန်ပေးချက်အရ ဒုတိယတပ်ကြပ် နန်ဟီးခင်တန်နှင့် တပ်သား မောင်မောင်တို့က ၎င်းလူငယ်များကို သီတာရပ်ကွက်အနီးရှိ ဓာတ်ဆီဆိုင်အထိ ဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ စစ်သည်နှစ်ဦး ဆိုင်ကယ်နှင့်ပြန်လည်ထွက်ခွာလာစဉ် လူငယ်လေးဦးအား နှောင့်ယှက်ခဲ့သည့် လူရှစ်ဦးကစောင့်ဆိုင်း၍ လုံးထွေးထိုးကြိတ်ပြီး တပ်သား မောင်မောင်ထံမှ သေနတ်လုယူစဉ် မတော်တဆကျည်ပေါက်ထွက်၍ မောင်ဂွမ်ဆိုင်းအောင် ဆိုသူမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ကျန်လူများထွက်ပြေးသွားခဲ့ကြောင်း။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၂၂ ရက်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ဘေးပယောဂများကြောင့် မလိုလားအပ်သည့်ပြဿနာများမဖြစ်ပွားစေရန် ဖြစ်စဉ်မှန်အား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် သေဆုံးခဲ့သူ မောင်ဂွမ်ဆိုင်းအောင်သည် ၂ဝ၁၃ ခုနှစ် အုပ်စုဖွဲ့လုယက်မှု ပြစ်ချက်ဟောင်း ဖြစ်စဉ်မှတ်တမ်းတွင်ပါဝင်သူဟုသိရှိရကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်တွေ့ရှိမှုအပေါ် တပ်မတော်က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment