20.7.16

ရုရှားနိုင်ငံ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ


ရုရှားနိုင်ငံအား အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ နှစ်ရပ်စလုံး ယှဉ်ပြိုင်မှုကို တားမြစ်သင့်သည်ဟု လေးနှစ်တာဆေးစစ်မှု အတည်ပြုချက်များ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့တားမြစ်ဆေး စစ်ဆေးရေးအေဂျင်စီ( ဝါဒါ)က ထုတ်ပြန်ကြေညာခဲ့သည်။ ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေဒိုးမြို့တွင် သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

၂ဝ၁၁ ခုနှစ်နှောင်းပိုင်းမှ ၂ဝ၁၅ ခုနှစ် သြဂုတ်လအတွင်း နွေရာသီနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် ရုရှားကစားသမားအများစု၏ ဆီးနမူနာကို စစ်ဆေးခဲ့ရာ တားမြစ်ဆေးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ဝါဒါကော်မရှင် ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (အိုင်အိုစီ)သည် ရုရှားနိုင်ငံအား လာမည့် ၂ဝ၁၆ ရီယို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပေးမည်၊ မပေးမည်ဆိုသည်ကို ဇူလိုင် ၁၉ ရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

အိုင်အိုစီဥက္ကဋ္ဌ သောမတ်စ်ဘာ့ဂ်ျက ''ယာယီပိတ်ပင်မှု''ပြုလုပ်ရေး ကိစ္စကို တယ်လီဖုန်းကွန်ဖရင့်ဖြင့်ပင် ဆုံးဖြတ်သွားရန်ရှိကြောင်း သိရသည်။ ၎င်းက ရုရှားနိုင်ငံအား အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု ပိတ်ပင်မည်ဆိုပါက ယင်းမှာ ''အခက်ခဲဆုံးတားမြစ်မှု'' တစ်ရပ်ပင်ဖြစ်လာမည်ဟု ရှုမြင်ပြီး အိုလံပစ် ပြိုင်ပွဲ၏ ဂုဏ်သိက္ခာနှင့် မကြုံစဖူး ထူးခြားသည့် တိုက်ခိုက်မှုတို့ ထိပ်တိုက်တွေ့သည့် ဖြစ်စဉ်ပင်ဖြစ်ကြောင်း ဆိုခဲ့သည်။

၂ဝ၁၂ လန်ဒန်အိုလံပစ်နှင့် ၂ဝ၁၄ ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အားကစားနည်း ၃ဝ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ရုရှားကစားသမား ၅၈ဝ မှာ တားမြစ်ဆေးသုံးစွဲထားသည်ဟု ဒေါက်တာ မက်လာရင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရရန် အလားအလာများနေခြင်း ဖြစ်သည်။အိုင်အိုစီအနေဖြင့် ရုရှားမှ အိုလံပစ်ပြိုင်ပွဲဝင်မည့် ကစားသမား အရေအတွက်ကို ပြန်လည်စိစစ်လျှော့ချပေးသင့်သည်ဟု ဝါဒါတာဝန်ရှိသူများက အစောပိုင်း ကပင် သတိပေးပြောကြားထားပြီးဖြစ်သည်။

ရုရှားနိုင်ငံသည် ၂ဝ၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိထားသည့် အိမ်ရှင်နိုင်ငံလည်းဖြစ်ရာ ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဆိုပါက ရုရှားနိုင်ငံ၏ ပုံရိပ်ကို ပို၍ထိခိုက်မှုရှိစေလိမ့်မည်ဖြစ်ကြောင်း အားကစားမီဒီယာများက ရေးသားဖော်ပြကြသည်။ ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာ တားမြစ်ဆေးသုံးစွဲခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်လာအပြီး ရုရှားကစားသမားအတော်များများ တားမြစ်ဆေးသုံးစွဲနိုင်သည်ဟု မျှော်လင့်ထားပြီးဖြစ်သော်လည်း ဒေါက်တာမက်လာရင်၏ အစီရင်ခံစာသည် ရုရှားဘက်မှ မျှော်လင့်ထားသည်ထက်ပင် ဆိုးရွားနေရာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကျွမ်းဝင်သော အိုင်အိုစီဥက္ကဋ္ဌ သောမတ်စ်ဘာ့ဂ်ျအတွက်လည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်လာခဲ့သည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment