14.7.16

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးညွှန်ကြားချက် ထုတ်ပြန်

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ မြန်မာပြည်တစ်ဝန်းရှိ (မဘသ)အဖွဲ့များအနေဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒဖော်ထုတ်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာပြုလုပ်ငန်းများကို အေးအေးချမ်းချမ်း ဆက်လက်ဆောင်ရွက်ကြရန် ဇူလိုင် ၁၂ ရက်နေ့က အသိပေး ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အသိပေးညွှန်ကြားချက်အား အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးညွှန်ကြားချက် အမှတ်စဉ်(၁၂)အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စင်ကာပူနှင့် ရန်ကုန်လေဆိပ်တို့၌ ''မဘသ မလိုအပ်တော့ပါဘူး''ဟု ပြောကြားချက် အပေါ် မဘသ(ဗဟို)ဦးဆောင်ဆရာတော်များမှ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ဦးဖြိုးမင်းသိန်း ပြောဆိုချက်နှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ မေတ္တာရပ်ခံလွှာပေးပို့ခဲ့ကြောင်း။
ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်နှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ''တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်၊ သူရဲ့အယူအဆ တစ်ခုကို ထုတ်ဖော်ပြောဆိုတာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီးတော့ သီးခြားသဘောထားမှတ်ချက်ပေးစရာမရှိပါဘူး''ဟု ဖြေကြားခဲ့ရာ ယင်းနှင့်စပ်လျဉ်း၍ မဘသအဖွဲ့က ''မဘသ မလိုအပ်တော့ပါဘူး''ဟူသော ဦးဖြိုးမင်းသိန်း၏ စကားသည် ၎င်း၏သဘောထားမှတ်ချက်သာဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ''သဘောထားမူဝါဒ''မဟုတ်သည်ကိုသိရှိရသဖြင့် ဦးဖြိုးမင်းသိန်း၏စကားနှင့်ပတ်သက်၍ အလေးဂရုပြုစရာမလိုတော့ဘဲ ဒီမိုကရေစီသဘောတရားအရ ၎င်း၏ လွတ်လပ်စွာပြောဆိုခြင်းဖြစ်သည်ဟုသာ မှတ်ယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာပြည်တစ်ဝန်းရှိ မဘသအဖွဲ့များ အနေဖြင့် ''လောကအေးချမ်း မဘသ မေတ္တာလွှမ်း''ဟူသော ဆောင်ပုဒ်နှင့်အညီ ရဟန်းရှင်လူပြည်သူများ နှလုံး စိတ်ဝမ်းအေးချမ်းကြစေရန်အတွက် ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒဖော်ထုတ်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာပြုလုပ်ငန်းများကို မေတ္တာရှေ့ထားပြီး အေးအေးချမ်းချမ်း ဆက်လက်ဆောင်ရွက်ကြရန် အသိပေးညွှန်ကြားလိုက်သည်ဟု ဖော်ပြထားကြောင်း သိရသည်။

0 comments:

Post a Comment