14.7.16

ခေတ္တရပ်ဆိုင်း ခံထားရသည့် အထပ်မြင့် အဆောက်အအုံများထဲမှ ၁၀ လုံးကို အထပ်များ လျှော့ချရန် ညွှန်ကြားဟုဆို

ရန်ကုန်တိုင်းဒေသကြီးတွင် ခေတ္တ ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးထဲမှ ၁၀ လုံးကို အထပ်များ ပြန်လည် လျှော့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။
ခေတ္တ ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၀ လုံးကို အထပ်များ ပြန်လျှော့ချရန်၊ တစ်လုံးကို အဆောက်အဦ ဒီဇိုင်း အစအဆုံး ပြန်ဆွဲပြီး ပါမစ် ပြန်လည် လျှောက်ထားရန်နှင့် ကျန်တစ်လုံးကို အမှန်တကယ် ရပ်နားနိုင်မည့် ကားပါကင်ဒီဇိုင်း ရေးဆွဲပြီး ပြန်လည် တင်ပြန်ရန်၊ Steel Structure ဖြစ်သဖြင့် Fire Rating (1 Hour) အတိုင်း ဖြစ်အောင် ဆောင်ရွက်ရန် ထုတ်ပြန် ကြေညာခဲ့ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကော်မတီနဲ့ စစ်ဆေးပြီးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ စစ်ဆေး တွေ့ရှိချက်တွေကို တင်ပြခဲ့တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၆) ဆုံးဖြတ်ချက်အပိုဒ် (၁) အရ ထွက်ရှိလာတဲ့ ညွှန်ကြားချက် မူဝါဒပေါ်မှာ မူတည်ပြီး စည်ပင်ကနေ ထုတ်ပြန် ကြေညာပါတယ်”ဟု ၄င်းက ထပ်မံ ပြောဆိုသည်။

ခေတ္တ ရပ်ဆိုင်းခံရသည့် အထပ်မြင့် အဆောက်အအုံ စီမံကိန်းများကို ပြန်လည် စိစစ် ခွင့်ပြုနိုင်ရန် ဇွန် ၂၁ ရက်မှ စတင်ကာ စီစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ယင်းအဆောက်အအုံများထဲမှ ဆိုင်းဘုတ် အစိမ်း(ပါမစ်) ခွင့်ပြုမိန့် ကျပြီးမှ ပြန်လည် ရပ်ဆိုင်းခံထားရသည့် အဆောက်အအုံ ၁၂ လုံးကို ဦးစားပေး အနေနှင့် စစ်ဆေးခဲ့ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြန်လည် စိစစ်ခဲ့ရာတွင် အထပ်မြင့် ၁၀ လုံးမှ ယင်းတို့ တည်ဆောက်မည့် အထပ်များထက် ထက်ဝန်ခန့် လျှော့ချခံရသည့် အဆောက်အအုံ အချို့နှင့် သုံးပုံတစ်ပုံခန့်အထိ လျော့ချရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည် ညွှန်ကြားခဲ့ပြီး အထပ် လျှော့ခံရသည့် အဆောက်အအုံ အချို့မှာ လက်ရှိပြီးစီးနေသည့် အထပ်နေရာတွင် ရပ်တန့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ၃၆ ခုကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားပြီး ကျန်ရှိသည့် အဆောက်အအုံများကိုလည်း ဆက်လက် စစ်ဆေးကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့်လည်း နောင်ဆောက်မည့် အထပ်မြင့် အဆောက်အအုံများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်း မီ မမီ သေချာ စစ်ဆေးပြီးမှ ခွင့်ပြုချက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ခေတ္တ ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံး တည်ရှိသည့် မြို့နယ်များမှာ (၁)ကမ္ဘာအေး ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ (၂) ကမ်းနားလမ်း ကြည့်မြင်တိုင်၊ (၃) စိမ်းလဲ့မေရိပ်သာလမ်း၊ ရန်ကင်းမြို့နယ်၊ (၄) မြကန်သာလမ်း၊ လှိုင်မြို့နယ်၊ (၅)သီရိမင်္ဂလာ လမ်းသွယ်(၁) ကမာရွတ်မြို့နယ်၊ (၆) ရန်ကုန်အင်းစိန်လမ်း ကမာရွတ်မြို့နယ်၊ (၇) ပြည်လမ်း၊ မရမ်းကုန်း၊ (၈) ကန်လမ်း၊ လှိုင်မြို့နယ်၊ (၉) ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ (၁၀) အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်၊ (၁၁)ကမ္ဘာအေး ဘုရားလမ်း၊ မရမ်းကုန်းနှင့်(၁၂) ကမ်းနားလမ်း၊ အလုံမြို့နယ်တို့ ဖြစ်သည်။

အထပ်မြင့် အဆောက်အဦ စစ်ဆေးမှုတွေ ပြုလုပ်ရန်အတွက် တိုင်းဒေသကြီး အစိုးရမှ အထပ်မြင့် အဆောက်အအုံ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့တွင် သက်ဆိုင်ရာ မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာ၊ ရပ်မိရပ်ဖ၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ အသင်းအဖွဲ့များနှင့် ပညာရှင်များ ပါဝင်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment