6.12.16

မြန်မာ - တရုတ်နယ်စပ် ဟိုချောင်ကုန်သွယ်ရေး နှစ်အနည်းငယ်အတွင်း ကုန်သွယ်မှုပမာဏတိုးမြှင့်မည်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးခရိုင်အတွင်းရှိ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ် ဟိုချောင်ကုန်သွယ်ရေး နယ်စပ်ဂိတ်မှာ ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှု အထိုက် အလျောက်ဖွံ့ဖြိုးတိုးတက်လာပြီး လာမည့်နှစ်အနည်းငယ် အတွင်းတွင် ယခုထက် ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ထိန်ချုံးခရိုင် ကုန်သွယ်ရေးဌာနမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မြန်မာ - တရုတ် နယ်စပ် နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ လေ့လာရေးခရီးစဉ်တွင် မြန်မာမီဒီယာများအား ယူနန်ပြည်နယ် ထိန်ချုံးခရိုင် ကုန်သွယ်ရေးဌာနမှ ဒုတိယဌာနမှူး မစ္စတာ ယမ်းချုံက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''နောက်သုံးနှစ်ဆိုရင် လေးနိုင်ငံ အဝေးပြေးလမ်းမကြီးက ဒီအထိပေါက်ပြီ။ အဲဒီအခါကျရင် မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ် ဟိုချောင်ကုန်သွယ်ရေးနယ်စပ်ဂိတ်က ရွှေလီမြို့ ကျယ်ဂေါင် နယ်စပ်ဒေသစီးပွားရေးဇုန်လိုပဲ ဖွံ့ဖြိုးလာပါမယ်။ ကျွန်တော်တို့က ကချင်ပြည်နယ်က ကုန်သည်ကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ထားတယ်။ အခုကုန်သွယ်မှုပမာဏ တိုးတက်တယ် ဆိုပေမယ့် လာမယ့်နှစ်ဆို ဒီထက်မက တိုးတက်မယ်။ နှစ်အနည်းငယ်အတွင်းမှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏက အထိုက်အလျောက်တော့ တိုးတက်လာမှာပါ။ အနည်းဆုံး ရာခိုင်နှုန်း ၃ဝ လောက် တိုးတက်မြင့်မားလာနိုင်တယ်'' ဟု မစ္စတာ ယမ်းချုံက ဆိုသည်။
ယခုအခါ ယူနန်ပြည်နယ်ရှိ ဟိုချောင်နယ်စပ် ကုန်သွယ်ရေးဂိတ်မှာ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုပုံမှန် အခြေအနေဖြစ်နေပြီး ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၄ဝ အထိရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ သွင်းကုန်အနေဖြင့် လယ်ယာထွက်ကုန်များနှင့် သစ်သီးဝလံအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တင်ပို့သော ပစ္စည်းအများစုမှာ လျှပ်စစ်ပစ္စည်းများနှင့် ဆောက်လုပ် ရေးပိုင်းဆိုင်ရာ ပစ္စည်းအများစုတို့ဖြစ်သည်။ ၎င်းနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအနေဖြင့် တင်ပို့သော ကုန်ပစ္စည်းပမာဏတန်ဖိုးမှာ ယွမ်ငွေသန်းပေါင်း ၂၇ဝ ဖြစ်ပြီး တရုတ်နိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းပမာဏတန်ဖိုးမှာ ယွမ်ငွေ သန်းပေါင်း ၂၅ဝ ရှိကြောင်း အဆိုပါနယ်စပ် ကုန်သွယ်ရေးဂိတ်မှ သိရသည်။
ယူနန်ပြည်နယ် ထိန်ချုံးခရိုင်ကုန်သွယ်ရေးဌာနမှ ဒုတိယဌာနမှူး မစ္စတာယမ်းချုံက ''ဒီနယ်စပ်ဖြတ်ကျော် ဂိတ်က ရွှေလီမြို့ ကျယ်ဂေါင်ထက် နည်းနည်းဖွင့်တာ နောက်ကျတယ်။ ဒါပေမယ့် နောက်ဆိုရင်တော့ နယ်စပ် ဒေသ စီးပွားရေးဇုန်အဖြစ် ရွှေလီလိုပဲ ဖြစ်သွားမှာပါ။ ဒီဇုန်ရဲ့ အဓိကရည်ရွယ်ချက်က တရုတ်နိုင်ငံနဲ့ မြန်မာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက် တာဖြစ်ပါတယ်။ ဒီမှာက ခရီးသွားလာရေးနဲ့ ကုန်သွယ် စီးပွားရေးဆိုပြီး နှစ်မျိုးခွဲထားတယ်။ နယ်စပ်ဂိတ်အပြင် ဘက်မှာ အထူးကုန်ပစ္စည်းတွေရောင်းချတဲ့နေရာ ရှိတယ်။ အခုဆိုရင် မြန်မာနိုင်ငံက လာတဲ့ကားတွေ ထိန်ချုံးခရိုင် အတွင်းမှာ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ ဒါပေမယ့် တရုတ်ဘက်တော့ သွားလို့မရသေးဘူး။ ကန့်သတ်ထားသေးတယ်။ ကျွန်တော်တို့က နှစ်ဦးနှစ်ဖက် စီးပွားရေးလျင်မြန်စွာတိုးတက်စေချင်တယ်။ ဒါတွေက ကုန်သွယ်ရေးအတွက် အဟန့်အတားဖြစ်နေတယ်။ ဒါကြောင့် နှစ်ဖက်ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် နှစ်ဖက် ညှိနှိုင်းမှုတွေလုပ်နေပါတယ်''ဟု ပြောသည်။
ဟိုချောင်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ဒေသငါးခုတွင် တတိယအဆင့်ရှိ ကုန်သွယ်မှုဂိတ်တစ်ခုဖြစ်သည်။ နှစ်နိုင်ငံကူးလူးသွားလာမှုတွင် တရုတ်နိုင်ငံ ထိန်ချုံးခရိုင် တွင်းသို့ Border Pass ဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်အပါအဝင် ခရီးသည်မှအစ လွတ်လပ်စွာ ဝင်/ထွက် သွားလာခွင့်ပြု ထားသည်။ ဂိတ်ပြင်ပအနီးဝန်းကျင်တွင်လည်း ကုန်သွယ်ရေးစခန်းကြီးတစ်ခုရှိပြီး အများစုမှာ မြန်မာနိုင်ငံဘက်ခြမ်း ကချင်ပြည်နယ်မှ ကုန်သည်အများစု ရောင်းဝယ်ဖောက်ကားကြောင်း သိရသည်။
''ကျွန်တော်က မြစ်ကြီးနားကပါ။ မနက်ကလာတယ်။ အခုညနေ ပြန်မှာပါ။ ဒီမှာကတော့ Border Pass နဲ့ လာရတယ်။ စစ်တာကတော့ သေချာစစ်ဆေးပါတယ်။ ကူးစက်ရောဂါရှိ၊ မရှိအပိုင်းရော၊ လူဝင်မှုကြီးကြပ်ရေးရော၊ ရဲအဖွဲ့ရော အားလုံးသေချာတော့ စစ်ဆေးကြပါတယ်။ ကျွန်တော်က သစ်သီးဝလံအများစု ရောင်းဝယ်ဖောက်ကားတာပါ။ ကျန်တာတွေလည်း အဆင်ပြေရင် ပြေသလိုတော့ ရောင်းဝယ်ဖောက်ကားတာပေါ့။ အခုတော့ အရင်လိုပုံမှန် အနေအထားအတိုင်း ပြန်ဖြစ်သွားပါပြီ။ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းပါတယ်။ အရင်ကတော့ ဒီဂိတ်က သိပ်မဖြတ်ကြဘူး။ အခုတော့ တဖြည်းဖြည်းများ လာတယ်။ နောက်ပိုင်းဆို မူဆယ်ဘက်လို ကုန်သွယ်စီးဆင်း မှုဖြစ်လာမယ်လို့ထင်ပါတယ်'' ဟု မြန်မာနိုင်ငံ ကချင်ပြည် နယ် မြစ်ကြီးနားမြို့မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပြုသည့် ဦးထန်လမွန်က ဆိုသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment