6.12.16

ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေး တိုက်ခိုက်မှုမရှိကြောင်း မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ဘင်္ဂါလီအရေးကိစ္စများနှင့် ပတ်သက်၍ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံသို့ နှုတ်ဆက်ချစ်ကြည်ရေးခရီး လာရောက်သည့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zain အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့ လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိကြောင်း၊ အဖွဲ့အစည်းများနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေကြောင်းနှင့် အကယ်၍ ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ထို့ပြင် တွေ့ဆုံရာ၌ မြန်မာ-မလေးရှား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ ဦးဆောင်မှုဖြင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ပြီး တပ်မတော်နှစ်ရပ် ဆက်ဆံရေး တည်တံ့ခိုင်မြဲရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်တွေ့ဆုံဆွေးနွေးရေး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဆိုင်ရာပြပွဲများသို့ အပြန်အလှန်တက်ရောက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာသင်တန်းများ တိုးမြှင့်စေလွှတ်ရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား သတင်းဖလှယ်မှုကိစ္စရပ်များ ဆက်လက်လုပ်ဆောင်ရေး၊ အခြားသော တတိယနိုင်ငံများ အပါအ၀င်ဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ တပ်မတော်အားကစားအဖွဲ့၊ ဆေးဝါးကုသရေးအဖွဲ့များ ချစ်ကြည်ရေးနှင့် အတွေ့အကြုံဖလှယ်ရေးအတွက် အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ မိမိလုံခြုံရေး အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံးဖိအားပေး တိုက်ခိုက်မှုမရှိသည့် အခြေအနေမှန်များ၊ ယင်းဒေသတွင် ပြည်တွင်း၊ ပြည်ပမီဒီယာများလည်း ရှိနေခြင်းကြောင့် မဟုတ်မမှန်ပြောဆို ၍ မရနိုင်ကြောင်းတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မလေးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zain သည် ယခု လပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်မှ အငြိမ်းစားယူမည်ဖြစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မလေးရှားတပ်မတော် ဒုတိယထောက်လှမ်းရေးမှူးချုပ် Major General Dato' Mohd Sobri Paridaluddin Bin Ismail ၊ စစ်သံမှူး Colonel Mohd Yasin Bin Usop နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment