6.12.16

ထားဝယ် အထူးစီးပွားရေးဇုန် ပြန်လည်စတင်ရန် ဂျပန်နှင့် မြန်မာ ဆွေးနွေးမည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန် ဒီဇင်ဘာအတွင်း ဂျပန်နိုင်ငံနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လွန်ခဲ့တဲ့ နှစ်ရက်လောက် က အီတာလျံထိုင်း ကုမ္ပဏီနဲ့ ကနဦးဆွေးနွေးတာ။ အခု ဂျပန်မှာ သွားဆွေးနွေးဖို့ရှိတယ်။ အဓိကက ဇုန်ပြန်စဖို့ အသေးစိတ်ဆွေးနွေးမှုတို့အတွက်ပါ’’ ဟု အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဦးဖြိုးဝေထွန်းက ပြောသည်။

ရေနက်ဆိပ်ကမ်းသို့ သွား ရောက်သည့် ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် အကောင် အထည်ဖော်နေသည့် လမ်းမကြီး ကို ဦးစွာ တည်ဆောက်မည်ဖြစ် ပြီး ထိုလမ်းမ ပေါ်ပေါက်လာမှ သာ အခြားစီမံကိန်းများ ပြန်လည် စတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဇုန်စီမံကိန်း ပြန်လည်စတင်ရာတွင်လည်း ယခင်အစိုးရနှင့် သဘောတူထားသည့် စီမံကိန်းအချို့မှ အပိုင်းများကိုပြန်လည်ပြင်ဆင်ဖွယ်ရှိကြောင်း ဦးဖြိုးဝေထွန်းက ဆိုသည်။

မြန်မာနိုင်ငံဘက်တွင် စီမံခန့် ခွဲမှုကော်မတီကို အောက်တိုဘာ ၂၉ ရက်၌ ဖွဲ့စည်းပြီးနောက် ထိုင်းကုမ္ပဏီနှင့် ဂျပန်တို့ဖြင့် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံနှင့် အဆိုပါစီမံကိန်းကို စိတ်ဝင်စားမှုရှိသော်လည်း ဆွေးနွေးမှု မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောသည်။

ထားဝယ် အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်တီ ဥက္ကဋ္ဌ အဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအား အစိုးရ သစ် လက်ထက်တွင် ပြောင်းလဲ ခန့်အပ်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာန အဖြစ် သတ်မှတ်ခဲ့သည်။

ထားဝယ်အထူးစီး ပွားရေးဇုန်ကို အီတာလျံထိုင်းကုမ္ပဏီက အကောင်အထည် ဖော်ခဲ့ခြင်းဖြစ် ပြီး ယင်းကုမ္ပဏီက ငွေကြေးအခက်အခဲကြောင့် စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ နောက်ပိုင်းတွင် ဂျပန်နိုင်ငံကို ဆက်လက်ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် သီလဝါ အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟူ၍ အထူးစီးပွားရေးဇုန်သုံးခု ရှိသည်။ ယင်းတို့အနက် သီလဝါ အထူးစီးပွားရေးဇုန်သာ စတင်လည်ပတ်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန်သည် လုပ်ငန်းရပ်တန့်ထားကာ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာလည်း လုပ်ငန်း စတင်နိုင်ခြင်း မရှိသေးပေ။



Credit To >>> 7 Day Daily

0 comments:

Post a Comment