11.6.13

သဘာဝပတ်ဝန်းကျင်နှင့်လူ


သတ္တလောက၊သြကာသလောက၊သင်္ခါရလောကဟူ၍လောကသုံးပါးရှိသည်။ သတ္တလောကတွင် လူသတ္တဝါ သည် အသိဥာဏ်အရှိဆုံး   ဖြစ်သည်။ ထို အသိဥာဏ်ရှိသော သတ္တဝါသည် အမိုက်မဲဆုံးကိုလည်း လုပ်တတ်သည်။ ထို့ကြောင့် လူဟု ခေါ်လေ သလားမသိ။ အရိပ်နေနေ အခက်ချိုးချိုးဆိုသော စကား ရှိသည်။ ကျေးဇူးမသိတတ်သည့် သဘော၊ ကျေးဇူးကန်းသူများကြောင့် ဖြစ် လာသောစကား။ လူသည်မိမိ ကိုယ် မိမိအသိဥာဏ်အမြင့်မားဆုံးသော သတ္တဝါဟုဆိုကာ မာနတက်သည်။ မာနကြောင့်ေ တွးခေါ်မျှော် မြင်မှုတွေ ဆိတ်သုဉ်းကုန်သည်။ ထိုမာနတရား ကပင်ကျေးဇူးရှင် ကို  ပြစ်မှားမိစေသည်။
လူသား၏ စတင်မှုကို  ဗြဟ္မာက ဖန်ဆင်းသည်ဟုလည်း ပြောသည်။ ထာဝရဘုရားက အာ ဒမ်ကို ဖန်ဆင်းပြီးနောက် အာဒမ် ၏ နံရိုးတစ်ချောင်းထုတ်ယူကာလူသားမိန်းမကို ဖန်ဆင်းလိုက်သဖြင့် လူသားအထီးနှင့်အမ ဖြစ်ပေါ်လာပြီး လူသားတို့ တိုးပွားလာသည် ဟုလည်း ဆိုသည်။ သိပ္ပံပညာရှင် တို့ကတော့ ကမ္ဘာက စတင်ဖြစ် သည်။ ကမ္ဘာ၏အစမှာ မဟာ ပေါက်ကွဲမှု- Big Bang မှ စသည် ဟု ဆိုသည်။ နောက်တော့ ရေထဲမှ သက်ရှိသတ္တဝါ စတင်ပြီး ကုန်း နေ ရေနေသတ္တဝါတွေ ပေါ်လာ သည်။ ကုန်းနေသတ္တဝါများထဲမှ လူသည် လူဝံမှ တဖြည်းဖြည်း ဆင့် ကဲဖြစ်စဉ်-  Evolution Theory   ဖြင့် ပြောင်းလဲလာသော သတ္တဝါ ဟု ဒါဝင်က ပြောသည်။
ကမ္ဘာဦးမှာ လူ့ထက် အဆမတန် ထွားကြိုင်းသော ဒိုင်နို ဆော သတ္တဝါကြီးတွေ ရှိခဲ့သည်။ ထိုသတ္တဝါကြီးတို့သည် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေ ပြောင်းလဲနိုင်စွမ်း မရှိသဖြင့် မျိုးတုံးကုန်သည်ဟု ဆိုသည်။ သဘာဝပတ်ဝန်းကျင်၏ ပြောင်းလဲ မှုက သတ္တဝါကြီးများ၏ မျိုးရိုးဗီဇ အခြေအနေက လိုက်မမီအောင် ပြောင်းလဲမှု မြန်ဆန်လွန်း၍လား၊ အမှန်တကယ်ပဲ သတ္တဝါကြီးများ ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်လံမပြောင်းလဲနိုင်သည့် မျိုးရိုး ဗီဇ ရှိနေသလား။ သို့သော် သဘာ ဝပတ်ဝန်းကျင်သည် လူအပါ အဝင် သက်ရှိသတ္တဝါအားလုံး အပေါ်သို့ ထိန်းချုပ်နိုင်စွမ်း ရှိလေ သည်။ သို့မဟုတ် သက်ရှိသတ္တဝါ ဟူသည် သဘာဝပတ်ဝန်းကျင်ကို လွန်ဆန်၍ မရ၊ ဆန့်ကျင်၍ မရ သည့် နိယာမသဘော။
သြကာသလောကဟု ခေါ်တွင်သည့် သဘာဝပတ်ဝန်း ကျင်ကို လိုက်၍ တချို့သတ္တဝါများ က ရေမှာကျက်စားကြသည်၊ တချို့သတ္တဝါများက မြေမှာ၊ တချို့ က လေမှာ၊ တချို့ကျတော့ ကုန်း နေ၊ ရေနေ နှစ်ထွေရော သတ္တဝါ။ သြကာသလောက အပြောင်းအလဲကြောင့် သက်ရှိသတ္တ ဝါလောက(သတ္တလောက) ၏နေထိုင်မှု၊လှုပ်ရှားမှုပုံသဏ္ဌာန်(သင်္ခါရလောက) ပြောင်းလဲသွားခြင်း။ ထိုသည်ကို ထောက်ရှုလျှင် လူသတ္တဝါတို့၏ အသက်ရှင်မှုကို လွှမ်းမိုးထားသည့် သြကာသလောက (သဘာဝပတ် ဝန်းကျင်) ယိုယွင်းပျက်စီးလျှင် လူ သတ္တဝါ၏ အသက်ရှင် နေထိုင်မှု သည် မတည်မငြိမ် ဖြစ်လိမ့်မည် ဆိုသည်ကို သတိထားသင့်သည်။
ဘာသာရေးကျမ်းတို့က လူသတ္တဝါ၏ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂတရားတို့ ထူပြော လာသဖြင့် ကမ္ဘာကြီးသည် လောင် မီးကျ၍သော်လည်းကောင်း ၊ရေလွှမ်းမိုး၍သော် လည်းကောင်းပျက်စီး လိမ့်မည်ဟု ဆိုသည်။ ကမ္ဘာကြီးကတော့ ပြာမှုန်အထိ ဖြစ်သွားလိမ့်မည် မဟုတ်။ အပူ အအေး မညီမျှမှုကြောင့် ရာသီ ဥတု ဖောက်ပြန်ကာ မိုးသည် မရပ် တန့်တော့ဘူး ထင်ရအောင် ရွာ သွန်းချင် ရွာသွန်းမည်။ မိုးရာသီ ဟူ၍ မရှိတော့လောက်အောင် ခြောက်သွေ့ချင် ခြောက်သွေ့နေ လိမ့်မည်။
သဘာဝပတ်ဝန်းကျင်က လူသား၏ မျိုးရိုးဗီဇက လိုက်၍ မမီ တော့နိုင်အောင် ပြောင်းလဲမှု မြန် ဆန်လွန်းလျှင် သို့မဟုတ် ပြောင်း လဲမှုများပြားပြီး အားကြီးလွန်းလျှင် လူသားတို့သည်လည်း ဒိုင်နိုဆော သတ္တဝါကြီးများကဲ့သို့ မျိုးတုံး ပျောက်ကွယ်သွားမည့် အခြေအနေ သို့ မဆိုက်ရောက်နိုင်ဘူးလား။
သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက် သုဉ်းမှုကြောင့် ဖြစ် ပေါ်လာ   သော သက်ရောက်မှုများ (ဒါကိုပင် သဘာဝဘေး အန္တရာယ် ဟု ခေါ်ကြသည်။) က မည်သည့် တိုင်းနိုင်ငံ၊ လူမျိုးကိုမှ ချမ်းသာပေး လိမ့်မည် မဟုတ်။ တော၊ တောင်၊ ရေ၊ မြေဆိုသော ထိတွေ့ ကိုင် တွယ်လို့ ရသည့် ရုပ်ဝတ္ထုများကို နိုင်ငံနယ်နိမိတ်ဖြင့် ပိုင်းခြား၍ ရ သော်လည်းသဘာဝတရား၏ဖြစ်ပေါ်နေမှုတို့ကို နယ်နိမိတ်ပိုင်းခြား ကန့်သတ်၍မရ။အရှေ့တောင်အာရှမှသစ်တောများ ပြုန်းတီးမှုသည်သက်ဆိုင် ရာနိုင်ငံတို့ နှင့်သာဆိုင်သည်ဟု သဘောထား၍မရ။ထိုသစ်တော မျာ့းပြုန်းတီးမှု က လေပူစီးကြောင်း များ ဖြစ်ပေါ်လျက် ကမ္ဘာ့ရာသီဥတုကို သက်ရောက် လိမ့်မည်။ အာရှမှ သစ်တစ်ပင် ပျောက်သွားခြင်းသည် အာတိတ် ဒေသမှ ရေခဲတုံး ပျော်ကျမှုကို တစ် ကုဗလက်မ သို့မဟုတ် အခြား သော အတိုင်းအတာ ပမာဏ သက်ရောက်စေလိမ့်မည်။
ကမ္ဘာကြီး ပူနွေးလာသ ဖြင့် တစ်နေ့ထက်တစ်နေ့ အဲ ယားကွန်း- Air Con များ ပိုရောင်း ကောင်းလာသည်။ အဲယားကွန်း ထုတ်လုပ်သည့် ကုမ္ပဏီများ စီးပွား တက်ကြသော်လည်း လူ့ဘဝ၏ ဝန်ထုပ်ဝန်ပိုးထဲတွင် အဲယားကွန်း အဆစ် ပါလာသည်။ သဘာဝ အတိုင်း နေထိုင်အသက်ရှင်ရန် ခက်ခဲလာသည့်သဘော။ ထိုအဲ ယားကွန်းနှင့် ရေခဲသေတ္တာများမှာ အသုံးပြုသည့် ဓာတ်ငွေ့ကြောင့် လူသားကမ္ဘာကို အကာအကွယ် ပေးထားသော အိုဇုန်းလွှာ ပေါက် ပြဲသွားရသည်။ အိုဇုန်းလွှာ ပေါက် ပြဲမှုနှင့် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြား ခြင်းကြောင့် ကမ္ဘာ့ရာသီဥတုမှာ ဖန်လုံအိမ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ပြီး ပို၍ပူလာသည်။ ယ နေ့အထိ ပြဿနာက အရိပ်အ ခြည် ပြလာပြီဖြစ်သော်လည်း လူ သားသည် မာန်တက်ဆဲ။ ကမ္ဘာလုံး ဆိုင်ရာ ပူနွေးလာမှုကို အဲယား ကွန်းဖြင့် ခုခံဖို့ ကြိုးစားနေသည်။ မိမိအိမ်ထဲမှာ အဲယားကွန်း တပ် လိုက်ရုံဖြင့် ကမ္ဘာကြီး အေးသွား သယောင် ကိုယ့်ကိုယ်ကို လှည့်ဖြား ထားသည်။ တစ်နေ့သောအခါ အဲ ယားကွန်းဖြင့် မခုခံနိုင်သည့် အနေ အထားသို့ ရောက်လိမ့်မည်။ ထို တစ်နေ့သည် မိမိအသက်ရှင်ကာ လလည်း ဖြစ်နိုင်သည်။ မိမိ မရှိ တော့သည့် နောက်ကာလလည်း ဖြစ်နိုင်သည်။ မိမိမရှိတော့သည့် နောက်ကာလမှာ ဖြစ်မည့် ကိစ္စအ တွက် ပူပန်နေစရာ မလိုဟုဆိုလျှင် အသိဥာဏ်အရှိဆုံးသော လူသတ္တ ဝါပင်လျှင် အမိုက်မဲဆုံးအလုပ်ကို  လုပ်သည်ဟူသော မှတ်ချက်နှင့် ကိုက်ညီသွားလိမ့်မည်။
ရူပဗေဒသဘောကတော့ဒြပ်တစ်ခုသည်လုံးဝပျောက်ဆုံးသွားသည်မရှိ။အသွင်တစ်ခုမှအခြားအသွင်ရှိ ဒြပ်တစ်ခုလို ပြောင်းလဲသွား သည်ဟု ဆိုသည်။ ဗုဒ္ဓဘုရားရှင်ကတော့ သတ္တဝါတို့ သည် နိဗ္ဗာန်ဟူသော အလုံးစုံချုပ် ငြိမ်းသည့် အနေအထားသို့ မ ရောက်သေးသမျှ သံသရာဟူသော ဘဝတစ်ဖန် ပြန်လည်ဖြစ်ခြင်း အစဉ်ထဲတွင် လှည့်လည်နေရမည် သာ ဖြစ်သည်။ အကယ်၍ မိမိက ဤဘဝ လူအဖြစ်နှင့် နိဗ္ဗာန်သို့ မ ဆိုက်ရောက်နိုင်သေးဘူးဆိုလျှင် ဘဝတစ်ခုခုတွင် လူအဖြစ်သော် လည်းကောင်း၊ သက်ရှိသတ္တဝါတစ် မျိုးမျိုးအဖြစ်သော် လည်းကောင်း ပြန်လည်ရှင်သန် နေထိုင်ရဦးမည် သာ။ ဤအကြောင်းအရာများ သည် မိမိမှလွဲ၍ လူနှင့် လူ့ပတ် ဝန်းကျင်ဆိုသည်ကို မသိသော၊ လူ သား၏ အသက်နေခဲ့သည့် သြကာ သလောကမှ ဆင်းသက်လာသည်ကိုမသိသော၊အတ္တဥခွံထဲမှမဖောက်ထွက်နိုင်ကြသောသူများအဖို့ရယ်စရာပျက်လုံးတစ်ခု ဖြစ် ကောင်းဖြစ်နေနိုင် သည်။ သို့သော် သဘာဝကို ချစ်မြတ်နိုးခြင်းသည် ရင့်ကျက်သော  အတွေးအခေါ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရင့် ကျက်သော အတွေးအခေါ် မရှိ လျှင် သဘာဝတရားကို နားမ လည်၊ နားမလည်လျှင် တန်ဖိုး မသိ။ တန်ဖိုးမသိလျှင် မမြတ်နိုး တတ်။ သဘာဝတရားကို မမြတ်နိုး တတ်လျှင် တစ်နည်းအားဖြင့် မခံ စားတတ်လျှင် လူသည် လူ့တန်ဖိုး ကို အပြည့်အဝ ရသည်ဟု မဆို နိုင်။ သဘာဝမှပေးသော ခွန်အား သည်လည်းကောင်း၊  အေးငြိမ်းမှု သည်လည်းကောင်း တခြားသော လူလုပ်ပစ္စည်းများက ပေးစွမ်းနိုင် သည်တို့ထက် ပို၍ အနှစ်သာရ ပြည့်ဝသည်ဆိုသည်ကို ရင့်ကျက် သူမှ သိနိုင်သည်။
တိုးတက်သော လူမျိုး တို့သည် သဘာဝကို တန်ဖိုးထား သည်။ သူတို့ ပညာရေးနှင့် သူတို့ လူ့ပတ်ဝန်းကျင်ကလည်း သဘာ ဝတရားကို ခံစားနိုင်အောင် သင် ကြားပေးသည်။ သို့မဟုတ် အ ခြေခံအုတ်မြစ်ချပေးသည်။ ထို့ ကြောင့် သူတို့သည် လူလုပ်ပစ္စည်း များ ပြည့်စုံနေပါလျက် သဘာဝ တရားကို ကြည့်ရှုခံစားရန် သဘာဝတရားမှ ခွန်အား၊ သတ္တိ နှင့် အေးငြိမ်းမှုကို ရယူရန် သဘာ ဝအခြေအနေများပြုန်းတီးမှုမရှိသေးသည့်သို့မဟုတ်သူတို့ဆီမှာ မရှိသည့် သဘာဝအလှအပတို့ ရှိသော နိုင်ငံများသို့ ငွေကုန်ကြေး ကျခံလျက် ခရိးသွားကြသည်။ သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာ ကျန်ရှိနေသေးသည့် နိုင်ငံ တို့မှာ သဘာဝခရီးသွားလုပ်ငန်း- Eco Tourism ဖြင့် ဝင်ငွေများစွာ ရကြသည်။
ကျွန်တော်တို့လူမျိုးများက (အများစုထင်သည်) နေဝင်သွား တာ၊ နေညိုချိန်တောက်တာတွေကို မခံစားတတ် (ဟု ထင်သည်)။ နေ ညိုချိန် တိမ်တောက်တဲ့အခါ ရွာ လမ်းနံဘေးမှာ စာဥနဲ့ သူငယ်ချင်း မတို့ ရေခပ်ဆင်းလာတာကိုပဲ စိတ်ဝင်စားပုံပေါ်သည်။ သဘာဝ အလှဘွဲ့ပန်းချီကားများမှာ ကျွန်တော် တို့ ပြည်တွင်းလူချမ်းသာကြီးများ ၏ နေအိမ်နံရံပေါ်တွင် အတွေ့ရ နည်းသည်။ အများအားဖြင့် နိုင်ငံ ခြားသို့ ထွက်ကုန်ကြသည်။ ထို့ ကြောင့် ပန်းချီဆရာကြီးတစ်ဦးက ''ကျုပ်တို့က ပြည်ပအားကိုး ပုဆိန် ရိုးတွေပါဗျာ'' ဟု နောက်သည်။
သဘာဝအလှအပတရား ကို ခံစားတတ်သဖြင့် နှလုံးသား သည် ကျယ်ပြန့်လာသည်။ တည် ငြိမ်လာသည်။ ထိုသို့သော နှလုံး သားပိုင်ရှင်သည်သာ ထူးခြားထက် မြက်သော အတွေးအခေါ်နှင့် ဖန် တီးမှုတို့ကို ပြုနိုင်သည်။ သဘာဝ တရားထဲတွင် သိမ်မွေ့သော ဆက် သွယ်ချက်တွေ ရှိသည်။ ရှုပ်ထွေး သော အခင်းအကျင်းတွေ ရှိသည်။ ဤသို့ဆိုသဖြင့် သဘာဝတရား သည် ကောက်ကျစ်တတ်သည်၊ လှည့်ဖြားတတ်သည်ဟု မဆိုလို။ သဘာဝတရားက ကြီးမားကျယ် ပြန့်လွန်းသဖြင့် သာမန်လူတို့ အဖို့ နားလည်ရန်ခက်သည်ဟု ဆို လိုခြင်းသာ ဖြစ်သည်။ ဤသို့ ရှုပ် ထွေးဆန်းကျယ်သော ကျယ်ဝန်း နက်ရှိုင်းသော သဘာဝတရားကို ခံစားနားလည်နိုင်ပြီဆိုလျှင် ကျန် သောအရေးကိစ္စတို့သည် ဖြေရှင်း ရ လွယ်ကူသွားသည့်သဘောဖြစ် သည်။ အထက်တစ်နေရာတွင် သဘာဝတရားသည် မည်သည့် တိုင်းနိုင်ငံ လူမျိုးကိုမှ မျက်နှာသာ ပေးမည်မဟုတ်ဟု ပြောခဲ့သည်။ ထိုအချက်ကသဘာဝတရား၏တိကျခြင်း၊ပြတ်သားခြင်းသဘောကိုပြသည်။သဘာဝတရားသည်ဓမ္မတစ်ခု ဖြစ်သည်။ ဖြစ်စဉ်တစ်ခု   ဖြစ်သည်။ အကြောင်းနှင့် ညီညွတ် သော အကျိုးတို့ ဖြစ်ပေါ်နေခြင်း သည် သဘာဝတရား၏ ကျင့်ထုံး ဖြစ်သည်။ ထိုသဘောကို သိလျှင်မိမိကိုယ်မိမိဥာဏ်ပညာကြီးလှပါသည်ဆိုသောလူသတ္တဝါသည် သဘာဝတရားကို အဘယ့်ကြောင့် မပြုပြင်နိုင်ရပါမည်နည်း။
နာဂစ်လို လေမုန်တိုင်း ကြီး တိုက်သဖြင့် လူတွေသေဆုံးရ သည်ကို အဘယ်မိုးနတ်သား၊ လေ နတ်သားကို အပြစ်ပုံချ၍ နေ တော့မည်နည်း။သဘာဝတရားကိုသိ၍သဘာဝတရားကိုချစ်လျှင်သဘာဝတရားကလည်းလူသားကို ပြန်လည်စော င့်ရှောက်လိမ့်မည်။ အတ္တမာန ငယ်ထိပ်သွေးတက်သာ သဘာဝတရားက မွေးဖွားလာပါ လျက် သဘာဝတရားကို ကျောခိုင်း လျှင်၊ သဘာဝတရားကို ပစ်ပယ် လျှင်၊ သဘာဝတရားကို ဖျက်ဆီး လျှင် သဘာဝတရားကလည်း သူ့ ဓမ္မအတိုင်း သူသွားလိမ့်မည်။ သူ့ ဓမ္မအတိုင်း ကျင့်ကြံလိမ့်မည်။ သ ဘာဝတရားကတော့ မည်သူ မည် သူကိုမျှ အမုန်းတရားနှင့်သော် လည်းကောင်း၊ ရန်ငြှိုးနှင့်သော် လည်းကောင်း တုံ့ပြန်လိမ့်မည် မဟုတ်၊ တုံ့ပြန်နေသည် မဟုတ်။
အသိဥာဏ် မဖွံ့ဖြိုးသေး သောကာလက လူသားသည် မိုး မင်းကိုလည်းကောင်း၊ လေမင်းကို လည်းကောင်း၊ တော တောင်စောင့် နတ်တို့ကို လည်းကောင်း ရှိခိုးပူ ဇော်ပသခဲ့ကြဖူးသည်။ သဘာဝ တရားက အင်အားကြီးမားလွန်းသ ဖြင့် လူသားသည် လက်နက်ချ အရှုံးပေးကာလူကျင့် ထုံးအတိုင်းအသက် ၊အသွေးတို့ဖြင့်သဘာဝတရားကို ပူဇော်ခဲ့ကြသည်။ အသိ ဥာဏ် ဖွံ့ဖြိုးလာပါသည်ဆိုသော ယနေ့ခေတ်မှာပင် ကျွန်တော်တို့ လူသားများသည် သဘာဝတရား ကို သေချာဂန သိသူသိပ်မရှိ လှ သေး။ ထို့ကြောင့် ခေတ်သစ် လူ သားသည် ကိုယ့်ကိုယ်ကို အသိ ပညာ ဥာဏ်ကြီးသူဟု ဂုဏ်ယူမာန် တက်နေကြသည့်ကြားက သဘာဝ တရားကို အသွေးများ၊ အသက် များ၊ အိုးအိမ်၊ စည်းစိမ်များ ပေး ဆပ်ပူဇော်လျက် နေကြရခြင်း ဖြစ် လေသည်။ 

0 comments:

Post a Comment