31.7.13

ဘာလီကျွန်းမှ ရိုးရာ စွန်လွှတ်ပွဲတော်

အသွေးအရောင်စုံ၊ ဒီဇိုင်းစုံနှင့် လှပသော စွန်ကြီးများသည် ပွဲတော်၏ ကောင်းကင်ယံတွင် ရောယှက် ပျံသန်းနေကြောင်း သတင်းများက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ရိုးရာ စွန်လွှတ်ပွဲတော် တစ်ခုကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဒန်ပါဆာတွင် သောကြာနေ့မှ တနင်္ဂနွေနေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် စွန်အလှလွှတ် ပွဲတော်သည် ဒေသတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို တိုးတက် မြှင့်တင်နိုင်ရန် ရည်စူး လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ အသွေးအရောင်စုံ၊ ဒီဇိုင်းစုံနှင့် လှပသော စွန်ကြီးများသည် ပွဲတော်၏ ကောင်းကင်ယံတွင် ရောယှက် ပျံသန်းနေကြောင်း သတင်းများက ဆိုသည်။


ဝါရှင်တန်ပို့စ် သတင်းစာက ပါးစပ်ဖြဲထားသည့် ငါးမန်းကြီး တစ်ကောင်ပုံ ချိုးထားသော စွန်ကြီးကို တပျော်တပါး သယ်ဆောင်လာသည့် ပွဲတော်သားများ၏ ဓာတ်ပုံကို တစ်ရက်တာအတွက် အကောင်းဆုံး ပုံရိပ်အဖြစ် ဖော်ပြခဲ့သည်။ အင်ဒိုနီးရှား အစိုးရသည် နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို မြှင့်တင်နိုင်ရန် ရည်မှန်းချက် ကြီးမားစွာဖြင့် လုပ်ဆောင်နေရာ (၂၀၁၃)ခုနှစ်အတွင်း စုစုပေါင်း ကမ္ဘာလှည့်ခရီးသည် (၉)သန်း ရောက်ရှိလာရန် မျှော်လင့်ထားသည်။ (၂၀၁၄)တွင်မူ (၁၀)သန်းထိ အရေအတွက် မြင့်တက်လာရန် အစိုးရက ရည်ရွယ်ထားကြောင်း သိရသည်

ဘာလီ စွန်လွှတ်ပွဲတော်သည် နှစ်စဉ်၊ ဇူလိုင်လတွင် ကျင်းပလေ့ရှိသော ရိုးရာပွဲတော် တစ်ခုဖြစ်သည်။ ရိုးရာ စွန်ကြီးများသည် (၄)မီတာမျှထိ ကျယ်ဝန်းကာ အရှည် (၁၀)မီတာမျှထိ ရှိတတ်ကြောင်းလည်း ဒေသခံများက ပြောကြားခဲ့သည်။ ယခုစွန်လွှတ်ပွဲတော်တွင် စပွန်ဆာ အမှတ်တံဆိပ် ကြော်ငြာသည့် စွန်ကြီးများကိုလည်း လွှတ်တင်လေ့ရှိသည်။ ထိုပွဲတော်သည် ဒေသဆိုင်ရာ ဘာသာရေး ဓလေ့များနှင့်လည်း ဆက်နွယ်မှု ရှိနေသည်။ ရိုးရာထုံးစံအရ ပြုလုပ်သော စွန်များသည် ဝါးနှင့် ချည်စကို အသုံးပြုဖန်တီးလေ့ ရှိတတ်ကြောင်းလည်း သိရှိရသည်။

Planet.com.mm

0 comments:

Post a Comment