31.7.13

ဒုက္ခသည်အယောက် ၃၀၀၀၀ ကို နှစ်စဉ်ခေါ်ယူမယ်လို့ ဂရင်းပါတီဆို

သြစတြေးလျနိုင်ငံရှိ ဂရင်းနိုင်ငံရေးပါတီက ပြည်ပကဒုက္ခသည်စခန်းတွေမှာ နေထိုင်နေပြီး ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ်ထားတဲ့ ဒုက္ခသည်အယောက် ၃၀၀၀၀ ကို နှစ်စဉ် လက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သြစတြေးလျအစိုးရက ခုလောလောဆယ် ပြည်ပက ဒုက္ခသည်အယောက် နှစ်သောင်းကို နှစ်စဉ်လက်ခံနေတာဖြစ်ပြီး ဂရင်းပါတီက သူတို့သာ အစိုးရဖြစ်လာမယ်ဆိုရင် နှစ်စဉ် ဒုက္ခသည်အယောက် သုံးသောင်းလက်ခံမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ညွန့်ပေါင်းပါတီကတော့ နှစ်စဉ် ဒုက္ခသည် တစ်သောင်းလေးထောင်ပဲ လက်ခံမယ်လို့ ပြောနေပါတယ်။



ဂရင်းပါတီရဲ့ ပေါ်လစီအရ ခေါ်ယူမယ့် ဒုက္ခသည် သုံးသောင်းထဲမှာ အာရှ-ပစိဖိတ်ဒေသတွင်းက ဒုက္ခသည် တစ်သောင်းပါဝင်မယ်လို့ ပြောပါတယ်။

အဲ့ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ ကုလသမဂ္ဂကနေ ဒုက္ခသည်စီစစ်မှုတွေ ပြုလုပ်နေတဲ့အတွက် အဲဒီ လုပ်ငန်းကူညီဖို့အတွက် ဒေါ်လာ သန်းပေါင်း ၇၀ ပေးသွားမယ်လို့ ဂရင်းပါတီခေါင်းဆောင် Christine Milne ပေါ်လစီသစ်ကို ကြေညာခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်လာတဲ့ ခိုးလှုံခွင့်တောင်းသူ ဦးရေ တစ်နေ့တခြား များလာတဲ့အတွက် ပြည်ပနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရသူတွေကို ပိုမို ဦးစားပေး ခေါ်ယူဖို့ စီစဉ်တဲ့ သဘောဖြစ်နေပြီး လှေတွေနဲ့ ရောက်ရှိလာသူတွေကိုတော့ ပါပူဝါနယူးဂနီနိုင်ငံနဲ့ Nauru ကျွန်းကို သြစတြေးလျအစိုးရက ပို့ဆောင်နေတာဖြစ်ပါတယ်။

သာမာန်အားဖြင့် ဒုက္ခသည်တွေဟာ မိမိနိုင်ငံမှာ နေထိုင်လို့ မရတဲ့အတွက် တခြားနိုင်ငံကို ထွက်ပြေးတိမ်းရှောင် ဒုက္ခသည်ခံယူပြီး အဲဒီကနေတဆင့် သြစတြေးလျလို တတိယနိုင်ငံကို ဝင်ခွင့်တောင်းကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လှေတွေနဲ့ ဝင်ရောက်လာသူတွေက ဒုက္ခသည်အဖြစ် မခံယူပဲ သြစတြေးလျနိုင်ငံကို တန်းလာပြီးမှ ဒုက္ခသည် ခံယူနေကြတဲ့အတွက် တန်းစီစနစ်ကို ကျော်လွားသူလို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

လှေတွေနဲ့ ခိုးဝင်လာသူအများစုကတော့ သူတို့ဟာ တန်းကျော်လာသူတွေမဟုတ်ပဲ သူတို့နိုင်ငံမှာ နေထိုင်လို့မရလို့ အရေးပေါ် ခုလို အရေးပေါ် လှေတွေနဲ့ ခိုးဝင်နေရတာလို့ ပြောလေ့ရှိပါတယ်။

ABC Radio Australia
ဂရင်းပါတီခေါင်းဆောင် Christine Milne

0 comments:

Post a Comment