31.7.13

ဘီယာဘူးခွံ၊ ပုလင်းခွံများဖြင့် အလှဆင်ထားသည့် ဟူစတန်မြို့က နေအိမ်

အဆောက်အအုံသည် ပြားနေအောင် ဖြန့်ထားသည့် ဘီယာဘူးခွံများဖြင့် ကပ်၍ လှပအောင် ဒီဇိုင်းဆင်ထားခြင်းဖြစ်

အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ရှိ ဘီယာဘူးခွံများဖြင့် အပြည့်အဝ အလှဆင် တည်ဆောက်ထားသည့် နေအိမ်တစ်လုံးကို ယခုအခါ မြို့၏ အထိမ်းအမှတ် နေရာတစ်ခုအဖြစ် အာဏာပိုင်များက ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ယခင်ကတည်းက ဘီယာဘူးခွံအိမ်ဟု နာမည်ကြီးသော အဆောက်အအုံသည် လူသိများသော နေရာတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အဆောက်အအုံသည် ပြားနေအောင် ဖြန့်ထားသည့် ဘီယာဘူးခွံများဖြင့် ကပ်၍ လှပအောင် ဒီဇိုင်းဆင်ထားခြင်း ဖြစ်သည်။


နေအိမ်ကို ပိုင်ဆိုင်သည့် ဟူစတန်သား ဂျွန်မီလ်ကိုဗစ်ရှ်နှင့် မေရီ မီကိုလ်ဗစ်ရှ်တို့ နှစ်ဦးသည် စိတ်ကူးဆန်းဆန်း တစ်ခုဖြင့် ယင်းကဲ့သို့ အလှဆင်ခဲ့ခြင်းဖြစ်သည်။ မေလုံလမ်းရှိ နေအိမ်ကို အနုပညာ လက်ရာတစ်ခုအသွင် ပြောင်းလဲမှုတွင် ဘီယာဘူးခွံများအပြင် ဘီယာပုလင်းခွံများ၊ ဘီယာပုလင်းအဖုံးများကိုပါ ထည့်သွင်း တည်ဆောက်ထားသည်။ (၁၉၆၈)ခုနှစ်က အဆိုပါ စုံတွဲသည် ယခုပရောဂျက်ကို စတင်ခဲ့သည်။ အစောပိုင်းက ၎င်းတို့ နှစ်ဦး၏ ရည်ရွယ်ချက်သည် နေ့လယ်ခင်းတွင် အေးအေးလူလူ ဘီယာထိုင်သောက်ရန်အတွက် အသေးစား အမိုးလေး တစ်ခုကို ဘီယာဘူးခွံများဖြင့် တည်ဆောက်ရန်သာ ဖြစ်ခဲ့သည်။

ထို့နောက်တွင်မူ ပိုမိုကျယ်ပြန့်သည့် စိတ်ကူးစိတ်သန်းကောင်း ရရှိလာပြီးနောက် (၁၇)လ အကြာတွင် တစ်အိမ်လုံးကို ဘီယာဘူးခွံများဖြင့် စီခြယ်မွမ်းမံပြီး ဖြစ်လာခဲ့သည်။ ယခုအခါတွင်မူ အဆိုပါ ဘီယာဘူးခွံအိမ်သည် ဟူစတန်ဂုဏ်ဆောင် အထိမ်းအမှတ် နေရာတစ်ခု ဖြစ်လာသည်။ ထိုပရောဂျက်ကို လက်တွေ့ အကောင်အထည် ဖော်ခဲ့သူ ဂျွန်ကမူ မိမိ၏ စိတ်ကူးကို ခမ်းခမ်းနားနား လုပ်ဆောင်မှု တစ်ခုဟု သဘောမထားခဲ့ချေ။ ကျွန်တော်လုပ်လိုက်တဲ့ ဒီကိစ္စလေးကို လူတွေက ဘာဖြစ်လို့ အင်မတန် စိတ်ဝင်တစား ဖြစ်နေတယ်ဆိုတာ မတွေးတတ်ဘူးဗျာဟု ဂျွန်က ပြောဆိုခဲ့ဖူးသည်။

Planet.com.mm

0 comments:

Post a Comment