31.7.13

ဘရာဇီးလ်တွင် ရေပေးဝေသည့် ပိုက်လိုင်းပေါက်မှုကြောင့် ကလေး တစ်ဦးသေဆုံး

ဇူလိုင်လ (၃၀)ရက်နေ့က အရှိန်ပြင်းစွာ ပန်းထွက်လာသော ရေထုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူအချို့ ဒဏ်ရာများ ရရှိခဲ့သလို အိမ်ခြေ အလုံး(၂၀)မျှ ပျက်စီးခဲ့သည်။

ဘရာဇီးလ် နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့တွင် ရေပေးဝေသည့် ပိုက်လိုင်းတစ်ခု ပေါက်ထွက်မှု ဖြစ်ပွားရာ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်လ (၃၀)ရက်နေ့က အရှိန်ပြင်းစွာ ပန်းထွက်လာသော ရေထုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူအချို့ ဒဏ်ရာများ ရရှိခဲ့သလို အိမ်ခြေ အလုံး(၂၀)မျှ ပျက်စီးခဲ့သည်။ ရေပိုက် ပွင့်ထွက်သွားပြီးနောက် ပန်းထွက်လာသော ရေအားသည် အမြင့်မီတာ (၂၀)မျှထိ တက်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ခဏအတွင်း ရေကြီးမှုများ ဖြစ်ပေါ်သွားသည့် ကမ်ပိုဂရန်ဒီ အနီးတဝိုက်သို့ ရော်ဘာလှေများ အသုံးပြုပြီး ရောက်ရှိလာခဲ့ကြသည်။

ရေကြီးသွားတဲ့ နေရာက အိမ်တွေထဲက လူတွေကို ကယ်ထုတ်ဖို့ ကျွန်တော်တို့ တာဝန်ယူထားပါတယ်ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ကြီးကြပ်နေသည့် ဗိုလ်မှူးကြီး ဆာဂျီယို ဆီမွန်စ်က GloboNews TVသို့ ပြောကြားခဲ့သည်။ ရီယိုအနောက်ပိုင်းတွင် ရေကြီးခဲ့သည့် ဒေသများ၏ ပုံရိပ်ကို ရုပ်မြင်သံကြား သတင်းဌာနများက မှတ်တမ်းတင် ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည်။ အသက်(၃)နှစ်သာ ရှိသေးသည့် အစ္စဘဲလား ဆီဗီရိုသည် သူမ၏နေအိမ်ထဲတွင် ရှိနေစဉ် ရေကြီးမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ရင်း ကွယ်လွန်ခဲ့သည်။

ရီယိုအုပ်ချုပ်ရေးမှူး ဆာဂျီယို ကာဘရယ်လ်နှင့် မြို့တော်ဝန် အီဒွာဒိုပေအဲ့စ်တို့သည် ရေကြီးမှု ဖြစ်ပွားရာ နေရာများသို့ ချက်ချင်း လာရောက်ခဲ့ကြသည်။ "ရုတ်တရက် ကြုံလိုက်ရတဲ့ ခြောက်ခြားစရာ အတွေ့အကြုံကို ဒီမိသားစုတွေ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော် တတ်နိုင်သလောက် ကူညီဖို့ ဒီကို ရောက်လာတာပါ"ဟု ကာဘရယ်လ်က ဆိုသည်။ အစိုးရသည် ပျက်စီးသွားသော နေအိမ်များကို ပြန်လည် ဆောက်လုပ်ပေးမည်ဟု ကတိပြုထားသည်။ သို့သော်လည်း မြို့တော်အတွင်း လိုအပ်သည့် မွမ်းမံမှုများ ပြုလုပ်ရန် စီမံကိန်းများ အားနည်းမှုကြောင့် ဒေသခံများက အစိုးရကို ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Planet.com.mm

0 comments:

Post a Comment