22.7.13

ကမ္ဘာ့ ဈေးအသက်သာဆုံး ကွန်ပျူတာကတ် သန်းချီရောင်းရ


ကြွေးဝယ်ခွင့်ကတ် အရွယ်အစားခန့်သာရှိသော ကွန်ပျူတာ ဆားကစ်ဘုတ် များသည် ဈေးကွက်တွင် အရောင်းသွက်လျက်ရှိပြီး တစ်ကတ်လျှင် ၂၅ ဒေါ်လာဖြင့် ထုတ်ဝေအပြီး ၁၈ လအတွင်း ကတ် ၁ ဒသမ ၅ သန်း ရောင်းချခဲ့ရကြောင်း AFP သတင်းတွင် ရေးသား ဖော်ပြထားသည်။



RaspBerry Pi ဟု အမည်ပေးထားသည့် ယင်းကတ်များသည် ထည့်သွင်းပေးထားသည့် port များမှ တစ်ဆင့် ကီးဘုတ်၊ မောက်စ်၊ မော်နီတာများနှင့် တွဲသုံးနိုင်ရန် စီမံ ဖန်တီးပေးထားပြီး၊ ကွန်ပျူတာ အဖြစ် အသုံးချနိုင်ရန် ရည်ရွယ်ထားသော်လည်း နိုင်ငံတကာ တွင် နည်းမျိုးစုံဖြင့် တီထွင် အသုံးပြုနေ ကြသည်။

ကွန်ပျူတာကတ်များကို ဂျပန်နိုင်ငံတွင် စက်ရုပ်များအတွင်း ထည့်သွင်း၍ လည်းကောင်း၊ မာလာဝီ နိုင်ငံတွင် ဂိုဒေါင်တံခါးများ ပိတ်ရာတွင် လုံခြုံရေး အတွက် လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ပုံ ရိုက်ကူးရာတွင်လည်းကောင်း၊ တရုတ်ပြည်တွင် ဆင်ဆာဖြတ်ခြင်း ကို ရှောင်တိမ်းရန်အတွက် လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် နေရာပေါင်းစုံတွင် ထည့်သွင်း အသုံးပြုနေကြောင်း ယင်း သတင်းက ဆိုသည်။

RaspBerry Pi ဖောင်ဒေးရှင်းက တွဲဖက် ဒါရိုက်တာ အီဘန်းအပ်တန်က မိမိတို့အနေနှင့် ထိုကတ်များကို ထောင်ဂဏန်းလောက်သာ ရောင်းချ ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ယခုကဲ့သို့ သန်းချီပြီး ထုတ်လုပ် ရောင်းချခဲ့ရသဖြင့် အံ့အားသင့်သွားမိကြောင်း ပြောဆိုသည်။

မူလ ရည်ရွယ်ထားသည်မှာ ကလေးများအတွက် ဖြစ်သော်လည်း၊ လူကြီးများကပါ မိမိတို့ အသုံးတည့် သလို ပြန်လည် ဖြည့်စွက် သုံးစွဲနိုင်ခြင်းကြောင့် ယင်းသို့ ဝယ်လိုအား တိုးတက်ခဲ့ရခြင်း ဖြစ်သည်။ အထူးသဖြင့် စက်ရုပ်များကဲ့သို့ ကလေး ကစားစရာများတွင် ယခုထက် ပိုမို ထည့်သွင်း အသုံးပြုနိုင် ပါက ရောင်းအား ပိုတက်နိုင်မည်ဖြစ်ကြောင်း အီဘန်းက ပြောကြားသည်။

ယခုအခါ RaspBerry Pi ဖောင်ဒေးရှင်းသည် မိမိတို့ တီထွင် ထုတ်လုပ်ထား သည့် Pi ကတ်များ အကြောင်းကို ဗြိတိန် ပညာရေး သင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားနိုင်ရေးအတွက် ဗြိတိန် အစိုးရနှင့်လည်း ဆွေးနွေးနေ ပြီ ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment