19.7.13

မောတောင်နှင့် ထီးခီး အပြင် ကယားပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ မယ်စဲနယ်စပ် ကုန်သွယ်ရေး စခန်းသစ်ကို ထပ်မံဖွင့်ပေးမည်

မကြာမီဖွင့်လှစ်သော နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်သည့် မောတောင်နှင့် ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းများအပြင် ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးအတွက် နောက်ထပ် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်များလည်း ထပ်မံဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှ င့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။


''မောတောင်နဲ့ ထီးခီး နယ်စပ်ကုန်သွယ်ရေး စခန်းတွေအပြင် နောက်ထပ်ဖွင့်လှစ်ပေးမယ့် နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ရှိပါတယ်။ ပြီးတော့ မယ်စဲနယ်စပ် စခန်းကိုလည်း ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တနင်္သာရီတိုင်း အတွင်းရှိ ကုန်လမ်းမှ နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ပြီးခဲ့သည့် မေလက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

''မယ်စဲက ကယားပြည်နယ်ထဲမှာ ရှိတာပါ။ စီမံချက်ထဲမှာလည်း ပါပြီးသားပါ။ ဖွင့်ဖို့ ပြင်ဆင်နေတယ် ဆိုပေမယ့် အခြေခံ လိုအပ်ချက်လေးတွေ ဖြည့်နေရဆဲပါ။ လမ်းဖောက်တာတို့ အခြားလိုအပ်တဲ့ အဆောက်အအုံ ပိုင်းတွေလည်း ထပ်ဖြည့်နေရတယ်။ ပြီးတော့ ၀န်ထမ်းတွေ အတွက် လိုအပ်တဲ့ သင်တန်းလေးတွေလည်း ပေးနေပါတယ်။ ကုန်သည်တွေကိုလည်း ပေးရတာ ရှိပါတယ်။ ပြင်ဆင်ဆဲ ဆိုပေမယ့် နောက်ထပ် နှစ်လ၊ သုံးလလောက် ကြာရင်တော့ ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်'' ဟု စီးပွားကူးသန်း ၀န်ကြီးဌာန၏ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ချိတ်ဆက်နေသည့် အလျှောက် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍအတွက် တိုးချဲ့လုပ်ကိုင်လာပြီး ယခင်ရှိခဲ့သော နယ်စပ်ကုန်သွယ်ရေး စခန်းလေးခု ဖြစ်သော တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေးအပြင် ယခုနှစ်တွင် နောက်ထပ်နှစ်ခု ဖြစ်သော မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းအပါအ၀င် ခြောက်ခုရှိနေပြီ ဖြစ်ကြောင်း ယခုပြင်ဆင်နေသော ကယားပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ မယ်စဲနယ်စပ် ကုန်သွယ်ရေး အပါအ၀င် ဆိုပါက နယ်စပ်ကုန်သွယ်ရေး စခန်းခုနစ်ခုအထိ ရှိလာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group
ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီနယ်စပ်ဂိတ်အား တွေ့မြင်ရစဉ်

0 comments:

Post a Comment