19.7.13

အာဇာနည်များက ပေးခဲ့သည့် သင်ခန်းစာများက ကမ္ဘာတည်သရွေ့ အမွေအနှစ်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြေအောက်သယံဇာတများဖြစ် သည့် ရေနံ၊ ကျော က်မျက် ရတနာများကို ထုတ်ယူ သုံးစွဲပါက တစ်နေ့တွင် ကုန်ဆုံးသွားရမည် ဖြစ်သော်လည်း အာဇာနည်ကြီးများ၏ စိတ်ဓာတ်နှင့် ၎င်းတို့ က ပေးခဲ့သည့် သင်ခန်းစာများ သည် နိုင်ငံ တည်ရှိ နေသရွေ့ ကမ္ဘာတည် ရှိနေသရွေ့ အမွေအနှစ်အဖြစ် ကျန်ရစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဇူလိုင် ၁၉ ရက်က ကျင်းပသော (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ''တချို့က ကျွန်မကို ပြောကြပါတယ်။ အခုခေတ် လူငယ်တွေက အာဇာနည်နေ့ အကြောင်းလည်း မသိကြဘူး။ အာဇာနည်တွေ အကြောင်းလည်း မသိကြတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မက ဒါနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှု လုံးဝမရှိဘူး။ တကယ့် အာဇာနည်ဆိုတာ ဘယ်တော့မှ သေမှာ မဟုတ်ဘူး။ ခဏတာ မှေးမှိန်သွားတယ် ဆိုတာကလည်း အခြေအနေအရ အကြောင်းကြောင်းကြောင့်သာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ကိုယ်ချစ်ခင် လေးစားရတဲ့ အာဇာနည်တွေ ဆိုတာ ရှိဖို့လိုအပ်ပါတယ်'' ဟု ပြောကြားသည်။

အာဇာနည်များထဲတွင် သူ၏ ဖခင် ပါဝင်နေသဖြင့် ၎င်းမိသားစုအကြောင်း ပြောတာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ခေါင်းဆောင်ကောင်းများ ဟူသည် ပြည်သူပြည်သားများ၏ ထာဝရ မိဘများ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် အာဇာနည်များဟူသည် အတိတ်အတွက် ကောင်းကျိုးများ ပေးခဲ့သလို အနာဂတ် အတွက်ပါ စံနမူနာ ယူစရာများ ဖြစ်သည့်အတွက် ကျေးဇူးတင်ရမည် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အာဇာနည်ကြီးများ၏ ကျေးဇူးအကျိုးကို ခံစားနိုင်ရန် ခေါင်းဆောင်ကြီးများ သင်ပြခဲ့သည်ကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ဆရာသင်သမျှ တပည့်က အလေးမထားလျှင် အဟောသိကံ ဖြစ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးအပြင် အခြားနိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ရဟန်းသံဃာတော်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဖွဲ့ချုပ်နာယက ဦးတင်ဦးက ''ယနေ့ နိုင်ငံတော် အခြေအနေ ပွင့်လင်းတိုးတက်လာတဲ့ အခြေအနေဟာ တဖြည်းဖြည်း တစ်စထက်တစ်စ ဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့အညီ ထိုရရှိထားသော ပွင့်လင်းကောင်းမွန် လာသည်များကို မြဲမြဲဆုပ်ကိုင်ပြီး တိုးတက် ကောင်းမွန်လာအောင် အစွမ်းကုန် ကြိုးပမ်း အားထုတ်ရပါမယ်။ တချို့ဖြစ်ရပ်များသည် နိုင်ငံအတွက် ၀မ်းနည်းဖွယ်ရာ၊ စိတ်မချမ်းသာစရာ ကိစ္စများရှိသည်ကို သတိထားကြရပါမယ်'' ဟု သဘာပတိ မိန့်ခွန်းတွင် ပြောကြားသည်။

ထိုအခမ်းအနားသို့ တက်ရောက်လာသည့် အသက် ၇၀ ကျော်ရှိ ဦးဝင်းမောင်က ''ကျွန်တော်ကတော့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်ဖြစ်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကိုပဲ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့မှာ အခက်အခဲတွေ ကြားထဲကပဲ ဗိုလ်ချုပ်ကို ဂါရ၀လာပြုတာပါ။ လူတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့်လုပ်မယ့် အလုပ်အပေါ် အာရုံစူးစိုက်ထားရင် ဒီမိုကရေစီ ပန်းတိုင်ကတော့ ရောက်မှာပဲလို့ ကျွန်တော် ယုံကြည်ပါတယ်'' ဟု ပြောကြားသည်။

Eleven Media Group

(၆၆ )နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရ၀ပြုသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AFP\NLD)

0 comments:

Post a Comment