19.7.13

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ရန်ကုန်မြို့ အပါအ၀င် အခြားမြို့များ၌ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲခြင်း၊ ကားဟွန်းတီးခြင်းများ ပြုကာ ဂါရ၀ပြု

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်တွင် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ မြို့အများစု၌ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) မှ စီစဉ်မှုဖြင့် ပြည်သူလူထု တစ်ရပ်လုံးက ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲခြင်း၊ ကားဟွန်းတီးခြင်း၊ တစ်မိနစ် ငြိမ်သက် အလေးပြုခြင်းများဖြင့် ဂါဝရ ပြုခဲ့ကြကြောင်း သိရသည်။


ရန်ကုန်မြို့၊ မြို့နယ် ၁၈ မြို့နယ်ရှိ လှည်းတန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ဖရေဇာလမ်း (အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း ထောင့်အနီး)၊ အင်းစိန်ပန်းခြံ၊ (၈) မိုင်လမ်းဆုံ၊ မြောက်ဒဂုံ (၇/၈) လမ်းဆုံ၊ မြောက်ဥက္ကလာ အ၀ိုင်း၊ တောင်ဥက္ကလာ နန္ဒ၀န်ဈေးရှေ့၊ သင်္ဃန်းကျွန်း စံပြဈေး၊ တာမွေဗလီလမ်းဆုံ၊ သာကေတ ကျောက်တိုင်၊ ဘုရင့်နောင်လမ်းဆုံ စသည့် လူစည်ကားရာ နေရာများတွင် အဆိုပါ အစီအစဉ်များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''စီးပွားရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်တွေက ကျောင်းသားတွေ ပူးပေါင်းပြီး လုပ်တာပါ။ ပြည်သူ ၂၀၀ ၀န်းကျင်လောက်က ပူးပေါင်းပါဝင် ခဲ့ပါတယ်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ ပွဲဖြစ်လို့ သက်ဆိုင်ရာကို ခွင့်ပြုမိန့် မတင်ခဲ့ပါဘူး။ အာဏာပိုင်တွေက တားဆီးကန့်ကွက် တာမျိုးလည်း မရှိပါဘူး။ ရန်ကုန်မြို့တွင်း ၂၂ နေရာက ကျောင်းသားတွေ ၈၈ ရုံးမှာ စုစည်းပြီး အာဇာနည်ကုန်းကို ချီတက်ဖို့ အစီအစဉ် ရှိပါတယ်။ ပြည်သူလူထုက ရဲရဲဝံ့ဝံ့နဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့ အတွက် ၀မ်းသာပါတယ်'' ဟု လှည်းတန်းလမ်းဆုံတွင် ပြုလုပ်ခဲ့သည့် အာဇာနည်နေ့ ဂါရ၀ပြုခြင်း အစီအစဉ်မှ တာဝန်ခံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒဂုံတက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုထွန်းမင်းခန့်က ပြောကြားသည်။

တာမွေဗလီ လမ်းဆုံတွင် ပြုလုပ်ခဲ့သည့် အာဇာနည်နေ့ ဂါရ၀ပြုခြင်း အစီအစဉ်တွင် စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုဟန်ထူးခန့်ပိုင်က ''အာဇာနည်နေ့က ဗိုလ်ချုပ်တို့ ကျဆုံးပြီး ကတည်းက ဆက်တိုက် လုပ်လာခဲ့တဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ အလေ့အထ တစ်ရပ်ပါ။ လူကြီးတွေက ပြောကြတဲ့ ဒီလိုလုပ်တယ်ဆိုတဲ့ အလေ့အထကို ကျွန်တော်တို့ရော၊ အစ်ကိုတွေ အစ်မတွေရော၊ ကျောင်းက သူငယ်ချင်းတွေရောက ဒဏ္ဍာရီပုံပြင် တစ်ပုဒ်လိုသာ ကြားဖူးခဲ့တာပါ။ တစ်ယောက်မှလည်း မကြုံဖူးခဲ့ကြဘူး။ အရမ်းလုပ်ချင်ခဲ့တာ။ အခုကျွန်တော်တို့ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ။ အရမ်းဂုဏ်ယူပါတယ်'' ဟု ပြောကြားသည်။

အလားတူ အခြားမြို့ကြီးများ ဖြစ်သည့် မော်လမြိုင်၊ မြ၀တီ၊ မိတ္ထီလာ၊ ပျဉ်းမနား၊ ပြည်၊ ထားဝယ်၊ ပုသိမ်၊ ကလေး၊ မြောင်းမြ၊ မြင်းခြံ၊ ဟင်္သာတ၊ လွိုင်ကော်၊ ပန်းတနော်၊ မြိတ် စသည့် မြန်မာ တစ်နိုင်ငံလုံးရှိ မြို့အသီးသီးမှ နိုင်ငံရေး၊ လူမှုရေး၊ ကျောင်းသား အဖွဲ့အစည်း အသီးသီးမှလည်း အာဇာနည်နေ့ ဂါရ၀ပြုခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျောက်ကွယ်နေသော အစဉ်အလာကောင်း တစ်ရပ်ကို ပြန်လည် ဖော်ထုတ်လိုခြင်း၊ အာဇာနည်နေ့တွင် အစိုးရမှ ပြည်သူတို့၏ အလိုလားဆုံးသော ဆန္ဒကို ဖြည့်ဆည်းပေးရန် ပျက်ကွက်သည့် အတွက် ကျောင်းသားများမှ ပြည်သူလူထုနှင့် ပူးပေါင်းကာ ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုခြင်း၊ မမေ့သင့်သော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို အောက်မေ့သတိရ ဂုဏ်ပြုလိုခြင်း၊ အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုသည့် အစဉ်အလာကို အစိုးရမှ ပြန်လည် တာဝန်ယူစေလိုခြင်း စသည့် အချက်များကြောင့် ယခုကဲ့သို့ ဥသြဆွဲ ဂုဏ်ပြုခြင်းကို ကျောင်းသားနှင့်ပြည်သူ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရက ကြီးမှူးကျင်းပခဲ့သည့် တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားများထက် လူထုပါဝင်မှု ပိုမိုသာလွန် များပြားခဲ့သည်ကို တွေ့ရသည်။ ယခုအစိုးရသစ် လက်ထက်တွင် ယခင်က လူထုပါဝင်စေမှုဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သော တပ်မတော်နေ့ အခမ်းအနားအား ယင်းကဲ့သို့ မကျင်းပတော့ဘဲ ပုံမှန်သာ ကျင်းပခဲ့သည်။

ယနေ့ ကျရောက်သော (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား နိုင်ငံတစ်ဝန်းရှိ မြို့ကြီး၊ မြို့ငယ်များတွင် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေး အာဏာပိုင်များ၏ လှုံ့ဆော်မှု ပါဝင်ခြင်း မရှိဘဲ ပြည်သူ လူထုက မိမိဆန္ဒ သဘောဖြင့် စုရုံး၍ နှစ် ၂၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သလို အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကားဟွန်းများ၊ သင်္ဘော ဥသြများဆွဲ၍ ၀မ်းနည်းခြင်း အထိမ်းအမှတ် စက္ကန့်ပိုင်း ငြိမ်သက်၍ ကျဆုံးသွားသော အာဇာနည်ကြီးများ၏ ကျေးဇူးကို အောက်မေ့၍ ငြိမ်သက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

Eleven Media Group

(၆၆) နှစ်မြောက် အာဇာနည်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုစဉ်

0 comments:

Post a Comment