19.7.13

ဒုံးပျံအင်ဂျင် စီမံကိန်းအတွက် ဗြိတိန်အစိုးရက ကုမ္ပဏီကို ငွေကြေးထောက်ပံ့မည်

Sabre ဒုံးပျံအင်ဂျင် နည်းပညာကို ဗြိတိသျှ ကုမ္ပဏီ တစ်ခုဖြစ်သော Reaction Enginesက တီထွင်ခဲ့သည်။ ဗြိတိန်အစိုးရသည် ဒုံးပျံအင်ဂျင် စီမံကိန်း တစ်ခု အတွက် ငွေကြေး ထည့်ဝင် ထောက်ပံ့သွား မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ Sabre ဒုံးပျံအင်ဂျင် နည်းပညာကို ဗြိတိသျှ ကုမ္ပဏီ တစ်ခုဖြစ်သော Reaction Enginesက တီထွင်ခဲ့သည်။
အဆိုပါ ဒုံးပျံအင်ဂျင်သည် လူများကို အာကာသထဲသို့ (၁၅)မိနစ်အတွင်း ရောက်ရှိသွားအောင် ပို့ဆောင်ပေးနိုင်မည်ဟု ဆိုသည်။ အသံ၏ မြန်နှုန်းထက် (၅)ပိုအောင် တွန်းကန်ပေးနိုင်သော အင်ဂျင်ကို Skylonဟု အမည်ပေးထားသည့် အနာဂတ် အာကာသသွား လေယာဉ်ပျံတွင် တပ်ဆင်သွားရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။

အဆိုပါ လေယာဉ်မျိုး တီထွင်နိုင်ပါက လက်ရှိ အာကာသအတွင်း ခရီးသွားလာသည့် လုပ်ငန်းကို ကုန်ကျစရိတ် (၉၅)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည် ဖြစ်သည်။ ဗြိတိန်အစိုးရသည် နည်းပညာ တော်လှန်ရေး တစ်ရပ်ဖြစ်သော ယခုတီထွင် ဆန်းစစ်မှုတွင် ပေါင်စတာလင် သန်း(၆၀)မျှ ထည့်ဝင် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Sabre အင်ဂျင်သည် တစ်နာရီ မိုင်(၃၅၀၀) ပျံသန်းနိုင်မည့် Skylonအတွက် အဓိက ပုံစံထုတ်ထားခြင်းဟု ကုမ္ပဏီက ဆိုသည်။ အော့စ်ဖို့ဒ်ရှိုင်းယားတွင် အခြေစိုက်သော ကုမ္ပဏီ၏ အကြံအစည်သည် အမေရိကန်မှ ဩစတြီးယားထိ ခရီးကို အချိန်(၅)နာရီမျှဖြင့် ပျံသန်းနိုင်မည့် စီမံကိန်းလည်း ဖြစ်သည်။

ဗြိတိန် တက္ကသိုလ်များနှင့် သိပ္ပံဌာန ဝန်ကြီး ဒေးဗစ်ဝှီးလတ်က "ကျွန်တော်တို့ အနေနဲ့ ဒီစီမံကိန်းမှာ ပေါင်စတာလင် သန်း(၆၀) မြှုပ်နှံခဲ့ပါတယ်။ တခြား ပုဂ္ဂလိက မြှုပ်နှံမှုတွေကိုလည်း ရှာဖွေမှာပါ။ ဒီနည်းပညာ သုတေသနအတွက် အကူအညီ ပေးခဲ့တဲ့ ရည်ရွယ်ချက်က ဒါဟာ အခြေခံကျပြီး မှန်ကန်တဲ့ စူးစမ်းမှု တစ်ခုလို့ ယုံကြည်တာကြောင့်ပါ။ ဒါပေမဲ့ လောလောဆယ် စမ်းသပ်ခန်း အဆင့်မှာပဲ ရှိပါသေးတယ်။ ဈေးကွက်ထဲ မရောက်ခင် လက်တွေ့ အချိုးကိုက် ပုံစံတူ တစ်ခုကို တည်ဆောက်စမ်းသပ်ဖို့ ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။ Skylonသည် ပုဂ္ဂလိက အာကာသ ခရီးသွားလုပ်ငန်းအတွက် စွန့်ဦး တီထွင်ထားသည့် Virgin Galacticကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းမျိုးထံ ဦးတည်လာဖွယ် ရှိနေသည်။ Virgin Galacticသည် အာကာသထဲသို့ ခရီးထွက်ပြီး (၆)မိနစ်စာမျှ အလေးချိန်မဲ့ ခံစားချက်မျိုးအတွက် တစ်ဦးလျှင် (၁၂၁၀၀၀)ပေါင်မျှဖြင့် ဝန်ဆောင်မှု ပေးသွားရန် စီစဉ်ထားသည်။

Planet.com.mm

0 comments:

Post a Comment