19.7.13

ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပိုမိုမြင့်တက်အောင် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ပြောကြား

ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပိုမိုမြင့်တက်စေရန် အတွက် နှစ်နိုင်ငံ ယဉ်ကျေးမှုများကို ပေါင်းကူးဆက်သွယ် သွားမည်ဟု JTB Co.,ltd နှင့် Myanmar Polestar Travel and Tours တို့ပူးပေါင်း၍ JTB Polestar Co.,ltd ဖွင့်ပွဲအခမ်းအနားတွင် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူမှ ပြောကြားခဲ့သည်။


''ဂျပန်လူမျိုးတွေရဲ့ ဗုံတီးတဲ့ အကြောင်းတို့ ရေနွေးကြမ်းသောက်တဲ့ အရာတွေဟာ နှစ်သက်စရာကောင်းတဲ့ အလေ့အကျင့်လေးတွေ ရှိတာကို သိရပါတယ်။ ဂျပန်တွေကလည်း ကျွန်တော်တို့ မြန်မာယဉ်ကျေးမှု လက်မှုပညာတွေကို မြတ်နိုးတယ်ဆိုတာ သိရတဲ့ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း'' ၎င်းက ဆိုသည်။

ထို့အပြင် အင်းလေးကန်မှ ထွက်ရှိသော ကြာဖြင့် ရက်လုပ်ထားသော မြန်မာ အ၀တ်အထည်များကို ဂျပန်နိုင်ငံသို့ မိတ်ဆက်မှုများ ပြုလုပ်ထားကြောင်း၊ ဂျပန်ဘာသာစကား ကျောင်းများကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဆက်လက် ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြင့်တက်စေရန် အတွက် ခရီးသွား လုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍ တစ်ခုတွင် ပါဝင်ကြောင်း ခရီးသွားလုပ်ငန်း တိုးတက်ရန် ရိုးရာယဉ်ကျေးမှု အမွေအနှစ် များသည်လည်း အရေးကြီးကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''မြန်မာပြည်ကို ရောက်ရင် ဂျပန်ခရီးသွားတွေက ရွှေတိဂုံ၊ ရွှေစည်းခုံ၊ ထီးလို မင်းလို ဘုရားတွေရဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ကြာတဲ့ ဗိသုကာ လက်ရာတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ဘာသာရေး ကိုင်ရှိုင်းမှုတွေကို ရောက်ဖူးသူတိုင်း သိရှိပါတယ်'' ဟု ဦးအေးမြင့်ကြူက ဆိုသည်။

ဖူဂျီတောင်သည် UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေနှစ်တွင် ပါဝင်သကဲ့သို့ မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း သုံးခုကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဂျပန်ခရီးသွားဧည့်သည် တစ်သောင်းခန့်သာ လာရောက်လျက်ရှိပြီး ခရီးသည်ဦးရေ တစ်သန်းခန့်အထိ တိုးပွားအောင် ဆောင်ရွက်သွားနိုင်ရန် အတွက် ဂျပန်နိုင်ငံမှ ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံမှ ယဉ်ကျေးမှုကိုလည်း အပြန်အလှန် ဖလှယ်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group
ဇူလိုင် ၈ ရက်က ပြုလုပ်သော JTB Polestar Co.,ltd ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူမှ မိန့်ခွန်း ပြောကြားနေစဉ်

0 comments:

Post a Comment