19.7.13

ကမ္ဘာ့စီးပွားရေးအပေါ် အာဆီယံနိုင်ငံများ ဦးဆောင်နိုင်မှုအခြေအနေ အပါအ၀င် အာရှ CEO များ၏ Asia Driving the World ဆွေးနွေးပွဲ ဘန်ကောက်တွင် ကျင်းပ

ကမ္ဘာ့စီးပွားရေးအပေါ် အာဆီယံနိုင်ငံများ ဦးဆောင်နိုင်မှု အခြေအနေ အပါအ၀င် အာရှ CEO များ၏ Asia Driving the World ဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Plaza Athenee Hotel ၌ ကျင်းပခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ သတင်းမီဒီယာ တစ်ခုဖြစ်သော Nation Multimedia Group ၏ (၄၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် တွဲဖက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ နံနက်ပိုင်းတွင် Nation Multimedia Group ၏ ဥက္ကဋ္ဌ Mr. Suthichai Yoon က ကြိုဆို အဖွင့်စကား ပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ၂၀၂၀ စီးပွားရေး အမြင်များ ခေါင်းစဉ်ဖြင့် စားပွဲဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မက်စ်မြန်မာဂရု ကုမ္ပဏီများ အုပ်စု၏ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ တိုယိုတာ ကားထုတ်လုပ်ရေး ကုမ္ပဏီမှ စီမံခန့်ခွဲရေး အရာရှိနှင့် ထိုင်းနိုင်ငံ တိုယိုတာဥက္ကဋ္ဌ Mr. Kyoichi၊ ဘန်ကောက်ဘဏ်ဥက္ကဋ္ဌ Mr. ChartsiriSophonpanich၊ ဘရူးနိုင်းနိုင်ငံ အာရှပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ DatoPaduka Timothy Ong TeckMong၊ ဗီယက်နမ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့ဥက္ကဋ္ဌ Mr. Ngo Tanh Tung၊ ကမ္ဘောဒီးယားနိုင်ငံ Ezeecom မှ အမှုဆောင် အရာရှိချုပ် Mr. Paul Blanche-Horgan တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းတွင် ကမ္ဘာ့စီးပွားရေးအပေါ် အာဆီယံ နိုင်ငံများမှ ဦးဆောင်နိုင်မှု အခြေအနေ၊ အာဆီယံနိုင်ငံများ၏ စီးပွားရေး အခြေအနေများနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး စီးပွားရေး အပြောင်းအလဲများနှင့် ပတ်သက်၍ အပြုသဘော အမြင်များနှင့် အကောင်းဘက်သို့ ရှုမြင်ကြောင်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲများ နောက်ပြန်လှည့်သွား နိုင်မလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ဦးဇော်ဇော်က ဖြေကြားရာတွင် အပြောင်းအလဲသည် ပြည်သူက တောင်းဆို၍ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ပြည်သူက အပြောင်းအလဲကို အလိုရှိသရွေ့ ၁၀၀ ရာခိုင်နှုန်း နောက်ပြန် လှည့်သွားရန် မရှိကြောင်း၊ စီးပွားရေးကို တွန်းအားပေးရန် အတွက် လူလတ်တန်းစားများစွာ ဖြစ်ပေါ်လာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာ ဖန်တီးနိုင်ရေးသည် အရေးပါကြောင်း ဖြေကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအပေါ် အမြင်နှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံ၏ အမြင်သဘောထားကို ဆွေးနွေးရာတွင် Mr. Ngo Tanh Tung က ''ကျွန်တော်တို့ နိုင်ငံဟာ ပထမထိုင်းနိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတယ်။ အခုကျတော့ မြန်မာနိုင်ငံနဲ့ ရင်ဆိုင်ရပါတယ်'' ဟု ပြောကြားသည်။
ထို့နောက် ဆက်လက်၍ ထိုင်းနိုင်ငံကို စီးပွားရေး ပြိုင်ဘက်အဖြစ် သဘောထားပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြုသဘောဆောင် နိုင်ငံရေး အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံကို နိုင်ငံရေး ပြိုင်ဘက်အဖြစ် သဘောထားကြောင်း ၎င်း၏အမြင်ကို ဆက်လက် ပြောကြားသည်။

ယခုဆွေးနွေးပွဲကို ဖိတ်ကြားထားသူ စီးပွားရေး လုပ်ငန်းရှင်များ၊ မီဒီယာများနှင့် အခြား စိတ်ပါဝင်စားသူများ စုစုပေါင်း လူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို နေးရှင်းမီဒီယာဂရုနှင့်အတူ Asia News Network တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

Eleven Media Group

အာရှ CEO များ၏ Asia Driving the World ဆွေးနွေးပွဲမြင်ကွင်း

0 comments:

Post a Comment