19.7.13

အစိုးရမှ ခွဲတမ်းဖြင့် ရောင်းချပေးနေသည့် ပြည်တွင်းထုတ်ဓာတ်ဆီအား သန်လျင်ရေနံချက်စက်ရုံ JV ဆောင်ရွက်ချိန်တွင် ရပ်ဆိုင်းမည်

သန်လျင်ရေနံချက် စက်ရုံအား နိုင်ငံခြား ရင်းနှီြး မှုပ်နှံသူများနှင့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ရန် (Joint Venture) လုပ်ဆောင်နေပြီး အဆိုပါ စီမံကိန်း စတင်ချိန်တွင် ပြည်တွင်းရှိ ဓာတ်ဆီဆိုင် များသို့ အစိုးရအနေဖြင့် မဖြစ်မနေ ရောင်းချပေးနေ သည့် ပြည်တွင်းထုတ် ဓာတ်ဆီရောင်းချမှုအား ရပ်ဆိုင်းမည်ဖြစ်ပြီး ပြည်တွင်း၌ ရောင်းချမည့် အဆင့်မြင့်ဓာတ်ဆီ (92 Ron) အား ပြည်ပမှသာ အပြည့်အ၀ ၀ယ်ယူတင်သွင်း ခွင့် ပေးအပ်မ ည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


စက်သုံးဆီဆိုင်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းရောင်းချ ပေးပြီးနောက် ၂၀၁၀ ပြည့်နှစ် ဇွန်လမှ စတင်၍ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးမှု ပြုလုပ်ခဲ့ပြီး ပြည်တွင်း ဓာတ်ဆီသုံးစွဲမှု မပြတ်တောက်စေရန် တစ်လလျှင် ဂါလန်ရှစ်သန်းခန့် ရောင်းချပေးခဲ့သော်လည်း လက်ရှိကာလတွင် ဂါလန်လေးသန်းကျော်သာ ရောင်းချပေးနိုင်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် စက်သုံးဆီများ အလွယ်တကူ ၀ယ်ယူရရှိနိုင်ရန် စက်သုံးဆီ အရောင်းဆိုင် မရှိသည့် မြို့နယ်များတွင် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် သတ်မှတ်ချက်များနှင့် အညီ တိုးချဲ့ဖွင့်လှစ် ခွင့်ပြုရာ လက်ရှိကာလတွင် စက်သုံးဆီ ဆိုင်ပေါင်း ၉၁၀ ဆိုင်အထိ ရှိလာနေပြီ ဖြစ်ကြောင်း သိရှိရသည်။

အလားတူပင် စက်သုံးဆီဆိုင်များ အနေဖြင့် တင်သွင်းလာသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများအား သိုလှောင်နိုင်ရန် သိုလှောင်ကန်များကိုလည်း သတ်မှတ်ချက်များနှင့် အညီ တည်ဆောက်ခွင့် ပေးအပ်ခဲ့ရာ လက်ရှိကာလအထိ သိုလှောင်ကန် သုံးကန်အား တည်ဆောက်ခွင့် ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းတွင် ဓာတ်ဆီများ လုံလောက်အောင် တင်သွင်းနိုင်မှု မရှိခြင်း၊ ဓာတ်ဆီခွဲတမ်း ရောင်းချမှု လျော့နည်းလာခြင်း များကြောင့် စက်သုံးဆီ အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

သန်လျင်မြို့ရှိ အမှတ် (၁) ရေနံချက် စက်ရုံအား အဆင်မြင့် မွမ်းမံပြင်ဆင်ကာ ပြည်ပမှ ရေနံစိမ်းများ တင်သွင်းစေမည် ဖြစ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်စေမည် ဖြစ်ကာ နိုင်ငံတကာ အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိလည်ပတ် နေသည့် ရေနံချက်စက်ရုံ သုံးရုံရှိပြီး အဆိုပါ စက်ရုံများမှာ သန်လျင်ရေနံချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံ၊ သံပုရာကန်ရေနံချက် စက်ရုံများ ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းရှိ လက်ရှိလည်ပတ်နေသော ရေနံချက် စက်ရုံသုံးရုံမှာ စတင်လည်ပတ်စဉ် အချိန်က တစ်နေ့လျှင် ရေနံစည် ၅၁၀၀၀ အထိ ချက်လုပ်နိုင်ခဲ့သော်လည်း လက်ရှိကာလတွင် ယခင်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်နိုင်သည် အထိ ထုတ်လုပ်နိုင်မှု ကျဆင်းလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ရေနံစိမ်း ထုတ်လုပ်နိုင်မှု တိုးမြှင့်ရေး အတွက် ကမ်းလွန်နှင့် ကုန်းတွင်း လုပ်ကွက်များအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များထံ လုပ်ကိုင်ခွင့် ပေးအပ်နေပြီး ရေနံချက် စက်ရုံသစ်များကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း မန္တလေးတိုင်း ဒေသကြီး၊ မြို့သာမြို့ အနီးတွင် တည်ဆောက်ရန် စီစဉ်နေသည့် မြို့သာရေနံချက် စက်ရုံအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွယ်တန်းမည့် အရှည် ၂၇၆၀ ကီလိုမီတာ၊ အချင်း ၃၂ လက်မရှိ ရေနံစိမ်းပိုက်လိုင်းမှ Tapping ထုတ်ယူပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၅၆၀၀၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်ကာ လက်ရှိ လည်ပတ်နေသည့် စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းထက် ပိုမိုမြင့်မားကြောင်း သိရသည်။

Eleven Media Group

အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် သန်လျင်ရေနံချက် စက်ရုံအမှတ် (၁) အား ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ- ကျော်ဇင်ဝင်း)

0 comments:

Post a Comment