11.7.13

မိတ္ထီလာ ဗလီ သုံးလုံး ပြန်ဖွင့်ခွင့်ပြုမည်


ရက်ပိုင်းအတွင်း ဝင်ရောက်တော့မည့် အစ္စလာမ် ဘာသာဝင်များ၏ ဥပုသ် ကာလတွင် ဝတ်ပြု ဆုတောင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် မိတ္ထီလာမြို့ရှိ ဗလီ သုံးလုံးကို ပြန်လည် ဖွင့်လှစ် ခွင့်ပြု မည် ဖြစ်ကြောင်း အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အတည်ပြု ပြောကြားသည်။

ပြန်လည် ဖွင့်လှစ်ပေးမည့် ဗလီ သုံးလုံးမှာ မိတ္ထီလာမြို့ ရတနာမာန်အောင် ရပ်ကွက်ရှိ ဘန်ဂါလီ ဗလီ၊ ကန်တော်မင်ရပ်ရှိ တူရကီ ဗလီနှင့် ချမ်းအေးသာယာရပ်ရှိ ချမ်းအေးသာယာ ဗလီတို့ဖြစ်ပြီး ယင်း ဗလီ သုံးလုံး တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန်ယူပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မိတ္ထီလာမြို့တွင် ဗလီ ၁၁ လုံး ရှိသည့်အနက် ဗလီ သုံးလုံးကိုသာ ဖွင့်ခွင့်ပြုခြင်းသည် ကျန်ဗလီများမှာ ပျက်စီးမှုများရှိ၍ ပိတ်ထားရခြင်းဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး က ပြောကြားသည်။

“အခု ညမထွက်ရ အမိန့်က ၁၀ နာရီ ဖြစ်သွားလို့ ကျွန်တော် တို့ အေးအေးဆေးဆေး ဘုရားဝတ်ပြုနိုင်မှာပါ၊ သူ့အချိန်နဲ့ တစ်ရက် ငါးကြိမ် ဝတ်ပြုရတော့ ညပိုင်းမှာ ၉ နာရီကျော် သွားနိုင်တယ်” ဟု မိတ္ထီလာမြို့ ဒေသခံ အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က ဆိုသည်။

အစ္စလာမ် ဘာသာဝင်များအတွက် ကယ်ဆယ်ရေး စခန်းများကို မိတ္ထီလာ ခရိုင် အားကစားကွင်း၊ မိတ္ထီလာမြို့ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနနှင့် မိတ္ထီလာမြို့ ဗဟို ပို့ဆောင် ဆက်သွယ်ရေးကျောင်းတို့တွင် ဖွင့်လှစ်ထားပြီး ယင်းကယ်ဆယ်ရေး စခန်းရှိ အစ္စလာမ် ဘာသာဝင်များ ဝတ်ပြု ဆုတောင်းနိုင်ရန်အတွက် နေရာများ ပြုလုပ်ပေးထားကြောင်း အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က ဖြည့်စွက် ပြောကြားသည်။

“စခန်းထဲမှာ ဝတ်ပြုဖို့နေရာ လုပ်ပေးထားတော့ ဥပုသ်လမှာ ကျွန်တော်တို့က စခန်းထဲမှာပဲ ဝတ်ပြု ဆုတောင်းတော့မယ်” ဟု ခရိုင် အားကစားကွင်း ကယ်ဆယ်ရေးစခန်းရှိ ဦးထွန်းထွန်းက ဆိုသည်။

လတ်တလော အခြေအနေအရ မိတ္ထီလာမြို့၏ အခြေအနေမှာ တည်ငြိမ် လာပြီဖြစ်၍ ညမထွက်ရ အမိန့်ကိုလည်း ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ အချိန် တစ်နာရီ နောက်ဆုတ်ပေးလိုက်ပြီဖြစ်ကြောင်း မိတ္ထီလာမြို့ခံ လူထုထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment