10.7.13

ရန်ကုန် အမြန် ဘတ်စ်ကားစနစ် သုံးလအတွင်း အကောင်အထည်ဖော်ရန် စီစဉ်


ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေးတွင် အမြန် ဘတ်စ်ကားစနစ် (BRT- Bus Rapid Transit) ကို သုံးလအတွင်း အမြန်ဆုံး အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သော အမြန် ဘတ်စ်ကားစနစ် အကောင်အ ထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တင်ပြ ဆွေးနွေးခဲ့သည်ဟု အဆိုပါ ပွဲသို့ တက်ရောက်ခဲ့သူ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆို သည်။

"BRTစနစ်ကို စမ်းသပ် အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြတာပါ၊ ရထား ပို့ဆောင်ရေးက ဆောင်ရွက်တာပါ” ဟု ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်သော အမြန် ဘတ်စ်ကားစနစ် အကောင်အထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်ခဲ့သည့် မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

ရန်ကုန်မြို့တွင်းသို့ သွားမည့် ခရီးသည်တင် ယာဉ်များသည် မြို့တွင်းသို့ တိုက်ရိုက် မဝင်ဘဲ သတ်မှတ် ထားသော နေရာအထိသာ ပြေးဆွဲ၍ ခရီးသည်များက မြို့တွင်းသို့ သွားရန် အခြားယာဉ် တစ်ခုကို ထပ်မံ ပြောင်း လဲ စီးနင်းရမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို စမ်းသပ်ရန်အတွက် လတ် တလော တွင် ပြည်လမ်းကို လျာထားပြီး အမြန်ဆုံး အကောင်အ ထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။

“အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ပြည်လမ်းကို နှစ်လ သုံးလအတွင်း စတင် စမ်းသပ်ဖို့ လျာထား တယ်။ ကားတွေကတော့ City Bus အသစ်တွေ နဲ့ ဆွဲမှ ရမှာ” ဟု ၎င်းက ဆိုသည်။

BRT စနစ်ဆိုသည်မှာ ဘတ်စ်ကား သီးသန့် လမ်းကြောင်း တစ်ခု သတ်မှတ် ၍ ထိုလမ်းကြောင်းတွင် အခြားယာဉ်များ မပြေးဆွဲစေဘဲ သတ်မှတ် ထားသော ဘတ်စ်ကားများသာ ပြေးဆွဲစေသည့် စနစ်ဖြစ်ကြောင်း၊ MRT-Mass Rapid Transit အမြန်ရထား စနစ်ထက် အဆိုပါ အမြန် ဘတ်စ်ကားစနစ် (BRT) က ပို၍ လွယ်ကူစွာ အကောင်အထည်ဖော်နိုင် မည် ဖြစ်ကြောင်း၊ BRT စနစ် ဖော်ဆောင်ရန် လိုအပ်သော လမ်းအကျယ် (ဥပမာ- ပြည်လမ်းကဲ့သို့သော လမ်းတွင် အကောင်အထည်ဖော်ခြင်း) ရှိသကဲ့သို့ နည်းပညာအရလည်း လွယ်ကူကြောင်း မ.ထသ (ဗဟို) တွင် ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြား သည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) က ပြုစုထားသည့် ပို့ဆောင်ရေး စီမံကိန်းတွင် BRT စနစ် အကောင်အ ထည်ဖော်ရန် ပါဝင်ပြီး အကောင်အထည်ဖော်ရန် ငါးနှစ်ခန့် ကြာမြင့် မည်ဖြစ်ကြောင်း မထသ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်၏ အ
ဆိုအရ သိရသည်။

ရန်ကုန်မြို့တွင် မထသ ယာဉ်လိုင်း အဖွဲ့အစည်း ၁၇ လိုင်း၊ ယာဉ်စီးရေ ၅၈၀၀ ကျော်နှင့် မထသ (အဝေးပြေး) တွင် ယာဉ်လိုင်း ၁၄၀ လိုင်း၊ ယာဉ်စီးရေ ၁၃၂၂ စီးရှိကြောင်း မထသ (ဗဟို)၏ တရားဝင် စာရင်းများ
အရ သိရသည်။

The Voice Weekly

0 comments:

Post a Comment