30.7.13

Mac Pro ကို အနာဂတ် Desktop ကွန်ပျူတာလို့ ပြောကြတယ်။ ကွန်ပျူတာ လောကမှာ တွေ့နေကျပုံစံ လိုင်းကနေ ခွဲထွက်သွားတာတော့ အမှန်ပဲ

မကြာမီ ကွန်ပျူတာ လောကကို ရောက်လာတော့မယ့် Mac Pro တွေဟာ graphics, storage, expension, processing power, memory လို့ခေါ်တဲ့ ဂရပ်ဖစ်ပိုင်း၊ သိုလှောင် သိမ်းဆည်းမှု အပိုင်း၊ တိုးချဲ့ တပ်ဆင်နိုင်မှု အပိုင်း၊ လုပ်ဆောင်နိုင်ရည် အပိုင်း၊ ကွန်ပျူတာ မှတ်ဉာဏ် သိမ်းဆည်းနိုင်မှု အပိုင်းတွေအားလုံး တကယ့် Professional ဆန်ဆန် ထုတ်ထားတာလို့ ဆိုပါတယ်။ Appleကုမ္ပဏီကလည်း သူတို့ နောက်ထုတ်မယ့် ကွန်ပျူတာကို Pro ကွန်ပျူတာလို့ သုံးနှုန်းထား ပါတယ်။


Power Structure

ဂရပ်ဖစ်အပိုင်းမှာ Dual GPU ထည့်ပေးထားပြီး၊ PCI Express ကတော့ flash storage မှာ အခြေခံပြီး ထည့်သွင်းထားပါတယ်။ အဆင့်မြင့် Thunderbolt 2 ဆက်သွယ်စနစ်၊ မျိုးဆက်သစ် Xeon ပရိုဆက်ဆာ၊ မြန်နှုန်းမြင့် ultra-fast memory ကလည်း ဗီဒီယို 4K အထိ ထည့်ပေးထားသေးတယ်။ အားလုံး ခြုံပြောရရင် ဘုတ် တစ်ခုတည်းမှာ စွမ်းဆောင်ရည်တွေအားလုံး စုပြုံ အားသွန်ပြီး ထည့်သွင်းပေးထား တာ ဖြစ်ပါတယ်။

Processor

Xeon E5 chipset ကို သုံးထားတယ် ဆိုတာက တကယ့်ကို မျိုးဆက်သစ် စစ်စစ်ပါ။ ပရိုဆက်ဆာ ပါဝါကလည်း 12-cores ရှိပါတယ်။ PCI Express Gen 3 ဂရပ်ဖစ်ကပဲ 40GB/s နှုန်းနဲ့ စွမ်းဆောင် ပေးနိုင်ပါတယ်။ ဒါကြောင့် မြန်နှုန်းမှာတော့ အလွန် မြင့်မားစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Memory

Mac Pro မှာ အဓိကထားတာက performance အပိုင်းကို အထူးကောင်း မွန်အောင် အားထုတ်ထားတာ ဖြစ်ပါတယ်။ Memoryကိုလည်း DDR3ကို four-channel နဲ့ ထိန်းချုပ်ပြီး 1866MHz နှုန်းနဲ့ run နိုင်ပါတယ်။ Memory bandwidth ကပဲ 60GB/s ရနိုင်ပါတယ်။ ဒါကြောင့် ဘယ်ပရိုဂရမ်ကို ဖွင့်သည်ဖြစ်စေ စောင့်ဆိုင်းနေရမှာ မဟုတ်ဘဲ၊ ဖြတ်ခနဲ ပွင့်နိုင်ပါလိမ့်မယ်။ ECC memory ကို သုံးထားတဲ့ အတွက်ကြောင့်လည်း ဖိုင်တစ်ခုခုကို ပို့ထားတုန်း memory တစ်ခုခု ချွတ်ယွင်းသွားတာတောင် ဆက်ပို့လို့ ရနိုင်ပါတယ်။

Graphics

Pro ကွန်ပျူတာဆိုတာ CPU စွမ်းအားအပေါ်မှာ မှီခို အားထားတာ များတယ်။ ဒါကြောင့် ဆော့ဖ်ဝဲ ရေးတဲ့ သူတွေကလည်း ဂရပ်ဖစ်အပေါ် မူတည်ပြီး သူတို့ ဆော့ဖ်ဝဲတွေကို စီစဉ်လေ့ရှိတယ်။ Mac Pro မှာတော့ ဂရပ်ဖစ် အပိုင်းကို မြှင့်ပေးနိုင်တဲ့ GPU ကို စွမ်းဆောင်နိုင်ရည် မြှင့်ပြီး VRAM 6GB အထိ ရအောင် လုပ်ထားတယ်။ ဗီဒီယိုကို အထောက်အပံ့ ဖြစ်အောင်လည်း 4K အထိရအောင် စီစဉ်ထားတယ်။ 4K display နဲ့ ကိုက်အောင် ဂရပ်ဖစ် စွမ်းအား ဘယ်လောက် မြှင့်ထားတယ်ဆိုတာ ခံစားကြည့်စေချင်တယ်။

Storage

သိုလှောင် စွမ်းအင်ကတော့ ဟာ့ဒ်ဒစ်အစား flash storage ဆိုတာကို သုံးထားတယ်။ PCI Express flash storage ဖြစ်တာကြောင့် SATA အခြေခံ drive တွေထက် ၂ ဒသမ ၅ ဆခန့် ပိုမြန်ပါတယ်။ 7200-rpm SATA ဟာ့ဒ်ဒစ်တွေထက်လည်း ဆယ်ဆ ပိုမြန်ပါတယ်။ လက်ရှိသုံးနေတဲ့ flash စနစ်တွေဟာ SATA bus ကြိုးတွေကတစ်ဆင့် လုပ်ဆောင်နေရတာကြောင့် ပိုနှေးပါတယ်။ Mac Pro ကတော့ PCI Express ကို အခြေခံပြီး သုံးထားတဲ့ အတွက် အမြန်ဆုံး ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ဖွင့်ရာမှာဖြစ်စေ၊ ဆော့ဖ်ဝဲတွေ ဖွင့်ရာမှာဖြစ်စေ ပိုမြန်စေပါတယ်။

Thunderbolt 2

I/O လို့ခေါ်တဲ့ ကွန်ပျူတာ input/output နည်းပညာမှာတော့ Thunderbolt 2 က အမြန်ဆုံးလို့ လက်ခံ ထားကြပါတယ်။ ဒီ Thunderbolt 2 port နဲ့ ပြင်ပ ဟာ့ဒ်ဒစ်ကို ဆက်သွယ်ထားရင် bandwidth အနေနဲ့ 20Gb/s လောက်အထိ ရပါတယ်။ ဒါကြောင့် ဒေတာတွေ လွှဲပြောင်း ယူရာမှာ မထင်မှတ်တဲ့ နှုန်းနဲ့ အမြန်ဆုံး လွှဲပြောင်းနိုင်မှာပါ။

Mac Pro ကို အမေရိကန်ပြည်ထောင်စုမှာ ဆင်ပါတယ်။ ကြည့်လိုက်ရင် ဂြိုဟ် တစ်ခုခုက ကျလာတဲ့ ပစ္စည်းလိုလို ဆန်းသစ်တာကြောင့် Apple က ပွဲထုတ်ပြတုန်းကလည်း လူတိုင်း စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ အပေါ်ဖုံးကို ပလတ်စတစ် အကြည်နဲ့ တစ်မျိုး၊ အနက်ရောင်နဲ့ တစ်မျိုး ထုတ်မယ်။ ဘာပစ္စည်း ထုတ်ထုတ် ထူးဆန်းစွာ လုပ်တတ်တဲ့ Apple ကြောင့် Desktop ကွန်ပျူတာတွေ တစ်ခေတ်ပြန် ဖြစ်လာမလား စောင့်ကြည့်ရလိမ့်မယ်။

The Voice Weekly

0 comments:

Post a Comment