30.7.13

ပိုင်နက် အငြင်းပွားရေပြင်တွင် တရုတ်ကို ချိန်ခွင်လျှာညှိရေး တပ်စခန်းများ ပြောင်းရွှေ့ရန် ဖိလစ်ပိုင် စီစဉ်

ပိုင်နက် အငြင်းပွား ရေပြင်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုး လာမှုကို တန်ပြန် ချိန်ခွင်လျှာ ညှိရန် ဖိလစ်ပိုင်နိုင်ငံက ရေတပ်နှင့် လေတပ် စခန်းများ ရွှေ့ပြောင်း နေရာချထားရန် စီစဉ်လျက် ရှိသည်ဟု The Straits Times သတင်းစာက ရေးသား ဖော်ပြသည်။


ဖိလစ်ပိုင် အစိုးရသည် ယခုအခါ ရေတပ်နှင့် လေတပ် အခြေစိုက် စခန်းများ ကို ယခင် အမေရိကန် ရေတပ် အခြေစိုက် စခန်းချရာ ဆူးဘစ် ပင်လယ်အော်ဒေသ၌ ပြောင်းလဲ ထားရှိရန် စီစဉ်နေပြီး ထိုသို့ ပြောင်းလဲ ရသည့် ဦးတည်ချက်မှာ တရုတ်နှင့် ပိုင်နက် အငြင်းပွားရေပြင်ထဲသို့ လျင်မြန်စွာ ဝင်ရောက်နိုင်သည့် အနေအထားမျိုး ရရှိရန် ဖြစ်သည်။

ထိုသို့ တပ်များ နေရာ ပြောင်းလဲချထားမည့် ကိစ္စမှာ ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဗော်လ်တာရီ ဂက်ဇ်မင်နှင့် AP သတင်းဌာနတို့ တွေ့ဆုံ မေးမြန်း ကြရာ၌ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ဆူးဘစ် ပင်လယ်ကွေ့ဒေသ တွင်း ဖိလစ်ပိုင်တပ်များ ထားရှိမည့် အသေးစိတ် အချက်အလက်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။

“ဒီအစီအစဉ်ဟာ ကျွန်တော်တို့ ဖိလစ်ပိုင် အနောက်ပိုင်း ပင်လယ်ပြင်ကို အကာအကွယ်ပေးဖို့ပါ။ လောလောဆယ် ကျွန်တော်တို့ ရန်ပုံငွေ ရှာဖွေနေပါ တယ်” ဟု ကာကွယ်ရေးဝန်ကြီးက တောင်တရုတ် ပင်လယ်ဟု ခေါ်ဝေါ်ခြင်း မပြုဘဲ ဖိလစ်ပိုင် အစိုးရ၏ အခေါ်အဝေါ်ဖြစ်သော ဖိလစ်ပိုင် ပင်လယ်ဟု ခေါ်ဆိုကာ ပြောကြားသည်။

ထိုသို့ တပ်စခန်းများ ပြောင်းရွှေ့ ချထားမည့် အစီအစဉ်မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိလစ်ပိုင် ခရီးစဉ်နှင့် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ဂျပန်သည် ဖိလစ်ပိုင်ကဲ့သို့ တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုဖြစ်ပေါ်နေသော အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင် ရေတပ်အနေနှင့် ကမ်းခြေစောင့် ကင်းလှည့် ရေယာဉ်များ တည်ဆောက်နိုင်ရေးအတွက် ချေးငွေပေးရန် ကမ်းလှမ်းထားသည်။

စစ်ရေး လေ့လာ စောင့်ကြည့်သူများ၏ အဆိုအရ ဖိလစ်ပိုင် သည် လေတပ်နှင့် ရေတပ် ပိုင်ဆိုင်မှုများကို ခေတ်မီ ဆန်းသစ်နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိသည်ဟု ဆိုသည်။

“ယခုလို စစ်စခန်း ပြောင်းရွှေ့မယ် အစီအစဉ်ကတော့ တရုတ်နဲ့ ရင်ဆိုင် ဖြေရှင်းရာမှာ ဖိလစ်ပိုင် စစ်တပ်ရဲ့ ကန့်သတ်ချက်ရှိတဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အဓိက ရည်ရွယ်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဖိလစ်ပိုင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်သူ ကယ်လ်ရီတာ ကားလို့စ်က ပြော ကြားသည်။

သို့သော် ယခုကဲ့သို့ တပ်စခန်း ပြောင်းရွှေ့မှုနှင့် တောင်တရုတ် ပင်လယ်တွင်း တရုတ်နိုင်ငံနှင့် ဖြစ်ပွားနေသော ပိုင်နက် အငြင်းပွားမှုတို့ ချိတ်ဆက်သွားမည့် အရေးကိစ္စနှင့် ပတ်သက်၍ ဖိလစ်ပိုင် အစိုးရက သတိကြီးစွာ လုပ်ဆောင်လျက် ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြား သည်။

The Voice Weekly

0 comments:

Post a Comment