30.7.13

ပူးတွဲ စက်မှုဇုန် ပြန်လည် စတင်ရေး ဆွေးနွေးရန် မြောက်ကိုရီးယား ကို တောင်ကိုရီးယား နောက်ဆုံးအကြိမ် အဆိုပြု

နိုင်ငံရေး တင်းမာမှုများကြောင့် လအတန်ကြာ ပိတ်ပင်ထားခဲ့ ရသော ကေဆောင်း စက်မှုဇုန် ပြန်လည် စတင် လည်ပတ်နိုင်ရေး အတွက် ဆွေးနွေးရန် တောင်ကိုရီးယားနိုင်ငံ က မြောက်ကိုရီးယားကို ‘နောက်ဆုံးအကြိမ်’ အဖြစ် အဆိုပြုလိုက်ကြောင်း The Korean Herald သတင်းစာက ရေးသား ဖော်ပြသည်။


တောင်ကိုရီးယား အစိုးရက အဆိုပါ စက်မှုဇုန် ပြန်လည် လည်ပတ်နိုင်ရေး အတွက် အဆိုပြု ကမ်းလှမ်းခြင်းသည် ‘နောက်ဆုံးအကြိမ် ကမ်းလှမ်းခြင်း ဖြစ်သည်’ ဟု ပြောဆိုလိုက်ခြင်းသည် မြောက်ကိုရီးယား အနေနှင့် နောက်ထပ်တစ်ကြိမ် တစ်ဖက်သတ် ပိတ်ပင်မှုမျိုး ထပ်မံ မပြုလုပ်နိုင်ရေးအတွက် အာမခံချက်ပေးရန် ဖိအားပေး တောင်းဆိုလိုက်ခြင်း ပင် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် အဆိုပါ အဆိုပြုချက်နှင့်အတူ မြောက်ကိုရီးယား ရှိ ကလေးငယ်များနှင့် အားနည်းချက်ရှိသော လူတန်းစားများအား ထောက်ပံ့ ကူညီမှု ပြုလုပ်နိုင်ရေးအတွက် အရပ်ဘက် အဖွဲ့အစည်း ငါးဖွဲ့အား စေလွှတ်ပေးမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ အစိုးရဘက်က စဉ်းစားထားတဲ့ အချက်ကတော့ ကေဆောင်း မှာရှိတဲ့ စက်မှုဇုန်ဟာ နိုင်ငံရေးနဲ့ စစ်ရေးကြောင့် ပိတ်ပင်မှု မပြုလုပ်သင့်ဘူး ဆိုတဲ့ အချက်ပါပဲ။ ကိုရီးယားလုပ်ငန်းတွေ အနေနဲ့ အဲဒီ စက်မှုဇုန် ထဲမှာ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရသင့် ပါတယ်” ဟု တောင်ကိုရီးယားနိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီး ရိုကီဂျေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကေဆောင်း စက်မှုဇုန် ပြန်လည် စတင်နိုင်ရေးအတွက် မိမိတို့ဘက်မှ အဆိုပြုချက်မှာ လွန်စွာ သဘာဝကျသည့် အဆိုပြုချက် ဖြစ်ကြောင်း၊ သို့သော် ပြီးခဲ့သည့် ဆွေးနွေးပွဲများတွင် ယင်းစက်မှုဇုန်သည် နိုင်ငံရေးနှင့် စစ်ရေး ကိစ္စရပ်များကြောင့် ထပ်မံ ပိတ်ပင်ခြင်း ခံရနိုင်သည်ဟူသော သဘောမျိုးကို မြောက်ကိုရီးယားဘက်က အရိပ်အမြွက် ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ ရှားပါး ပြယုဂ် တစ်ခုဖြစ်သော ကေဆောင်း စက်မှုဇုန်သည် နယ်စပ်ဒေသ စစ်မဖြစ်ရ နယ်မြေ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး တောင်ကိုရီးယားစက်ရုံပေါင်း ၁၂၃ ရုံ လည်ပတ် လုပ်ကိုင်လျက်ရှိခဲ့ကာ မြောက်ကိုရီးယား အလုပ်သမား ၅၃၀၀၀ ခန့်ကို အလုပ်အကိုင် ဖန်တီးပေးထားနိုင်ခဲ့သည်။

အဆိုပါ စက်မှုဇုန်နှင့် ပတ်သက်သော ဆွေးနွေးပွဲ ကျင်းပရန် တောင် ကိုရီးယားဘက်က ပထမဆုံး စတင် ကမ်းလှမ်းခဲ့စဉ်ကလည်း ဆွေးနွေးမည့် ပုဂ္ဂိုလ်တို့၏ ရာထူး အဆင့်နှင့် ပတ်သက်၍ နှစ်ဖက် အငြင်းအခုံများ ဖြစ်ပွား ကာ ပျက်ပြားခဲ့ဖူးသည်။

ယခု နောက်ဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်မှ တစ်စုံတရာ တုံ့ပြန်မှု မရှိသေးပေ။

The Voice Weekly

0 comments:

Post a Comment