1.8.13

တက္ကစီပြိုင်ပွဲ



စီးနင်းသူများအတွက် ရွေးစရာ အငှားယာဉ် တက္ကစီ များလာသည်။ ယာဉ် အမျိုးအစားများ ပိုကောင်း လာသည်။ တက္ကစီ ကုမ္ပဏီများ ဝင်လာသည်။ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင် များ အပြိုင်လိုက်လာ ရသည်။ ယင်းအချိန် မည်သူ အကျိုးအမြတ် ခံစားနေရသနည်း။

တက္ကစီယာဉ်များ ပေါများလာသော်လည်း အများ ပြည်သူများမှာ စီးနင်းခများ သက်သာခြင်း၊ လိုရာ ခရီးကို လျင်လျင်မြန်မြန် ရောက်ရှိခြင်းနှင့် စီနင်းခအတွက် အငြင်းပွားရန် မလိုခြင်း စသည့် အခြေခံ လိုအပ်ချက်များကိုပင်လျှင် မရရှိသေးကြောင်း တက္ကစီ စီးနင်းသူများက ပြောကြားကြသည်။

ကုမ္ပဏီများအဝင်

ကုမ္ပဏီကြီးများက တက္ကစီယာဉ်များကို အစီးရေ အများအပြား တင်သွင်းလာကာ နေ့စဉ် ကျပ် ၁၃,၀၀၀ ပေးသွင်းသည့် စနစ်ဖြင့် အရစ်ကျရောင်းဖြင့် ချပေးကြပြီး သတ်မှတ်ချက်များနှင့်အညီ ယာဉ်မောင်းများကို တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီများက နေ့စဉ်ကြေး ကျပ်တစ်သောင်း ဝန်းကျင်ဖြင့် မော်ဒယ်လ်မြင့် ယာဉ်ငယ်များကို မောင်းနှင်ခွင့် ပြုလာသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရ၏ ထောက်ခံချက်ဖြင့် တက္ကစီ အစီးရေ ၅၀ တင်သွင်း နိုင်ပါက တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီ တည်ထောင်နိုင်သည်။

အဆိုပါ မော်တော်ယာဉ်များ၏ ယာဉ်မှတ်ပုံတင် သက်တမ်းတစ်လျှောက် ယာဉ်နံပါတ်ပြား အရောင်ကို အနီဖြင့်သာ မှတ်ပုံတင်ကာ အငှားယာဉ်အဖြစ်သာ သုံးစွဲရန်၊ တူညီသည့် ကိုယ်ထည် ဆေးအရောင် ဖြစ်ရန်၊ မီတာ တပ်ဆင် အသုံးပြုရန်၊ အဆိုပါ တင်သွင်းသည့် ကုမ္ပဏီများသည် အများပိုင် ကုမ္ပဏီ တည်ထောင်ရေးကို ဦးဆောင် လုပ်ကိုင်ရန် စည်းကမ်းချက်များဖြင့် တက္ကစီ ယာဉ်များကို အခွန်နှုန်း သက်သာစွာဖြင့် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ တင်သွင်းခွင့် ပြုခဲ့သည်။

ကုမ္ပဏီ ယာဉ်များတွင် ယာဉ် ပျက်စီးပါက ယာဉ်မောင်းက ပြုပြင်ရန် မလိုအပ်ဘဲ ကုမ္ပဏီကသာ ပြုပြင်သည်။

အစဉ်အဆက် လုပ်ကိုင်လာသော ပြင်ပ တစ်ဦးချင်းပိုင် တက္ကစီများတွင်မူ ပြင်ဆင်စရိတ် ကျပ်တစ်သောင်းအောက် ဆိုပါက ယာဉ်မောင်းက ပြုပြင်ရပြီး ယင်း ပမာဏနှင့် အထက် ဆိုပါက ပိုင်ရှင်က ပြင်ဆင်သည်။

သို့သော် တက္ကစီ ယာဉ်များတွင် မော်ဒယ်လ်အသစ်များ ဝင်ရောက်လာသည်နှင့် အမျှ ယာဉ်မောင်း ရှားပါးလာမှုကြောင့် ယင်းသို့သော စည်းမျဉ်းများကို ယာဉ်ပိုင်ရှင်များက လျော့ပေးလာရသည်။

“ကားကောင်းအုံနာတွေ၊ ကုမ္ပဏီတွေက ယာဉ်မောင်း အမှား မဟုတ်ရင် ပြင်တာ ပြုတာ ယာဉ်မောင်း မပေးရဘူး။ ဖြစ်ရင် အုံနာကို ပြလိုက်ရင် ရတယ်လေ။ နောက်ပြီး ကားသစ်တွေဆိုတော့ ပျက်စရာ လည်း မရှိဘူး” ဟု စမ်းချောင်းမြို့နယ်မှ တက္ကစီ ယာဉ်မောင်း ဦးမြငွေက ဆိုသည်။

ယာဉ်ကောင်း ယာဉ်သစ်များ တက္ကစီ လောကတွင် များပြားလာသည်နှင့်အမျှ ယာဉ်အဟောင်း တက္ကစီ ပိုင်ရှင်များကလည်း အသစ် လဲနိုင်ရန် အားထုတ်လာရသည်။

ငွေထပ်မံ စိုက်ရမည် ဖြစ်သောကြောင့် တစ်နိုင် တစ်ပိုင် ပိုင်ရှင် အချို့အတွက် ယာဉ်အသစ် လဲလှယ်ရန် အခက်တွေ့နေသည့်အပြင် နေ့စဉ်ကြေး ပိုမို ရရှိမည် မဟုတ်ကြောင်း အဆိုပါ လုပ်ငန်းရှင် များက ပြောဆိုသည်။

ကုမ္ပဏီများ အဝင်တွင် တစ်နိုင် တစ်ပိုင် လုပ်ငန်းရှင်များအတွက် အလျှော့ပေးလိုက်ရသော အခြား အချက်များလည်း ရှိသည်။
ပုံမှန်အားဖြင့် မောင်းချိန် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ခွင့်ပြုသော်လည်း အချို့ ယာဉ်ပိုင်ရှင်များမှာ ည ၉ နာရီအထိ မောင်းချိန် ပေးလာရသည်။
သို့သော် နေ့စဉ်ကြေးကိုမူ မည်သူမျှ မလျှော့။

မော်တော်ယာဉ် အသစ်များ၏ နေ့စဉ်ကြေးမှာ အနည်းဆုံး ကျပ် ၈၅၀၀ မှ အများဆုံး ကျပ် ၁၂,၀၀၀ အထိ အတူတူပင် ဖြစ်သည်။
“ပြင်ဆင်စရိတ်ပေးရ၊ မပေးရတာထက် ကားကောင်းမှလည်း ငှားချင်ကြတာ အုံနာကြေးကျတော့ လည်း သိပ်မကွာဘူး ကားကောင်းတော့ လူလဲ သက်သာတယ်လေ” ဟု တက္ကစီ ယာဉ်မောင်း တစ်ဦးက ဆိုသည်။

တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီများ ဖွင့်လှစ်ခွင့် ပြုခြင်းကြောင့် တက္ကစီယာဉ်များ အရည်သွေး ကောင်းမွန် လာသော်လည်း အမှန်တကယ် တက္ကစီ ပြေးဆွဲခြင်း မရှိဘဲ အရစ်ကျဖြင့် ပြန်လည် ရောင်းချသည့် ကုမ္ပဏီများသာ များပြားကြောင်း လက်ရှိ ပြေးဆွဲလျက် ရှိသည့် တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုမှ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။

ဝန်ဆောင်မှုများ အတိုးမည်မျှပင် အခက်အခဲ ရှိနေသော်လည်း တစ်နိုင်တစ်ပိုင် တက္ကစီ ပိုင်ရှင်များ အတွက် ပြိုင်ဆိုင်မှု ဆက်လက် မြင့်မားလာဦးမည် ဖြစ်သည်။

တက္ကစီ ကုမ္ပဏီများကလည်း ဝန်ဆောင်မှုများ တိုးမြင့်လာရန် ရှိသည့်အပြင် ဖုန်းဆက် ခေါ်ဆို၍ ငှားနိုင်သည့်စနစ် စတင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီ ဖြစ်သည်။

“On Call စနစ် စဖို့က ဆက်သွယ်ရေး စက်တွေ တပ်ရမှာဆိုတော့ တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက် ရဖို့ တင်ထားပါတယ်” ဟု ရောင်နီဦး တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။

On Call စနစ်မှာ ခရီးသည် ရရှိသည့်အပေါ် မူတည်၍ On Call စနစ် တည်ထောင်ထားသည့် ကုမ္ပဏီကို သင့်တင့်သည့် ကော်မရှင်ခသာ ပေးဆောင်ရမည် ဖြစ်သည်။

On Call စနစ်ဖြင့် တက္ကစီ ငှားရမ်းပါက ငှားရမ်းသူကလည်း ဈေးအနည်းငယ် ပိုမိုပေးရသည့် စနစ်တစ်ခု ဖြစ်သောကြောင့် တစ်နိုင်တစ်ပိုင် တက္ကစီ ပိုင်ရှင်များ သာမက ကိုယ်ပိုင် တက္ကစီ ယာဉ်မောင်းများပင် ပါဝင်နိုင်မည်ဖြစ်ပြီး လက်ရှိ ယာဉ်မောင်းများနှင့် ပိုင်ရှင်များ၏ အခက်အခဲ အချို့ လျော့ကျလာနိုင်ကြောင်း တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီများက ဆိုသည်။

အဆိုပါစနစ် စတင်ရန်မှာ ယာဉ်အစီးရေ ၁၀၀၀ နီးပါး လိုအပ်ခြင်း မီတာစနစ် အသုံးပြုလျှင် ခရီးသည် နှင့် လုပ်ငန်းရှင် နှစ်ဖက် မျှတသည့် အကျိုး ရှိ မရှိ လေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေပြီး လက်ရှိတွင် ရန်ကုန်မြို့၌ ခုံးကျော် တံတားများ ဆောက်လုပ်လျက် ရှိသည့်အတွက် လိုအပ်သည့် လေ့လာမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လတ်တလောတွင် တက္ကစီ ကုမ္ပဏီများက ဝန်ဆောင်မှု အသစ်များ ပေးနိုင်ရန် ကြိုးပမ်းကြသော်လည်း စီးနင်းသူတို့ကမူ လိုရာခရီး အလျင်အမြန် မရောက်ရှိရေးနှင့် ဈေးနှုန်း သက်သာရေးကိုသာ အဓိက ထားကြကာ အဆိုပါ တက္ကစီများ၏ ဝန်ဆောင်မှုများကို ကြည့်၍ ရွေးချယ် စီးနင်းသူ နည်းကြောင်း ပြင်ပ တက္ကစီ ယာဉ်မောင်းများနှင့် တက္ကစီ ကုမ္ပဏီ ယာဉ်မောင်းများက တညီညွတ်တည်း ပြောကြား သည်။

“အဲကွန်း ဖွင့်မောင်းတာလောက်နဲ့တော့ ကား ရွေးမနေတော့ဘူး။ ကားက အစုတ်ကြီး မဟုတ်ရင် ပြီးတာပါပဲ။ နိုင်ငံခြားမှာက တက္ကစီက ဈေးလည်း ကြီးသလို တကယ်လည်း မြန်တယ်” ဟု စင်ကာပူ တွင် သွားရောက် အလုပ် လုပ်ကိုင်ဖူးသူ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သည့် ဦးကျော်စိုးသန့်က ပြောကြားသည်။

တစ်နိုင် တစ်ပိုင် တက္ကစီ ပိုင်ရှင်များမှာ ကုမ္ပဏီ တက္ကစီများ၏ လက်ရှိ ဝန်ဆောင်မှုများကြောင့် အခက်အခဲ မဖြစ်သော်လည်း တက္ကစီယာဉ်များ များပြားလာခြင်းကြောင့် ဝင်ငွေ နည်းပါးလာခြင်း၊ မော်တော်ယာဉ်မောင်း ရှားပါးခြင်း၊ စက်သုံးဆီဖြင့် မောင်းနှင်ရသည့်အတွက် စရိတ် များပြားခြင်း တို့ကသာ အဓိက အခက်အခဲအဖြစ် ကြုံတွေ့နေရကြောင်း တက္ကစီ ပိုင်ရှင်များက တညီတညွတ်တည်း ပြောကြားသည်။

အရှေ့တောင်အာရှ အားကစားပွဲများ ကျင်းပချိန်တွင် တက္ကစီများ နိုင်ငံတကာ အဆင့်မီစေရန် နိုင်ငံတော်က တက္ကစီ ယာဉ်များအတွက် ပြည်ပမှ တင်သွင်းသည့်အခါ ကျသင့်သည့် အခွန်များ လျှော့ချခြင်း၊ ယာဉ် မှတ်ပုံတင်သည့် အခွန်များ လျှော့ချပေးခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်များ ဈေးနှုန်း သက်သာစွာ ပြေးဆွဲနိုင်ရန် သဘာဝဓာတ်ငွေ့ အလုံအလောက် မပေးနိုင်သည့်အတွက် အများပြည်သူအတွက် အကျိုးသက်ရောက်မှု နည်းပါးလျက် ရှိကြောင်း တက္ကစီ လုပ်ငန်း လုပ်ကိုင်သူ များက ဝေဖန်လျက် ရှိသည်။

လက်ရှိတွင် သဘာဝ ဓာတ်ငွေ့သုံး တက္ကစီများမှာ ဓာတ်ဆီသုံး ယာဉ်များနှင့်စာလျှင် နေ့စဉ်ကြေး များပြားသည့်အတွက် စီးနင်းသူတို့ကို ဈေးနှုန်း လျှော့ယူ၍ ပြေးဆွဲခြင်း မပြုလုပ်နိုင်ခြင်းကြောင့် အများ ပြည်သူအတွက် အကျိုး ထိရောက်မှု မရှိကြောင်း တက္ကစီ လုပ်ငန်း လုပ်ကိုင်သူများက မှတ်ချက်ပြု ကြသည်။

လောင်စာဆီကြောင့် ကုန်ကျစရိတ် မြင့်မားမှု မရှိစေရန် ဆီစား သက်သာသည့် အင်ဂျင်ပါဝါ ၆၆၀ ဝန်းကျင် မော်တော်ယာဉ်လေးများကို ဝယ်ယူကာ တက္ကစီ ပြုလုပ် ပြေးဆွဲခြင်းဖြင့် လောင်စာဆီ ကြောင့် ကုန်ကျစရိတ် မြင့်မားသည့် အခက်အခဲကို ဖြေရှင်းမှုများ ရှိသည်။

“တကယ်တော့ တက္ကစီဆိုတာ ဒီလို ကားလေးတွေ (အင်ဂျင်ပါဝါ ၆၆၀ ကားလေးများ) နဲ့ မဆွဲသင့်ဘူး။ လူရော ပစ္စည်းရော များများတင်ရင် မကောင်ဘူး။ ကြာရင် ကားနာတယ်။ ဒါက အဖြေမှန်တော့ မဟုတ်ပေမဲ့ မတတ်နိုင်တော့ ဒီလိုပဲ အဆင်ပြေသလို ကြည့်ဆွဲနေကြတာပါ” ဟု စမ်းချောင်းမြို့နယ်ရှိ နာမည်ကြီး အဆင့်မြင့် မော်တော်ယာဉ် ပြုပြင်ရေး အလုပ်ရုံမှ စက်ပြင်ဆရာ တစ်ဦးက ဆိုသည်။

တက္ကစီ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများက ကျောင်းသားများ၊ ဝန်ထမ်းများ၊ ပွဲစား အချို့ကို လပေး အပို့ အကြို လုပ်ခြင်းများဖြင့် ဝင်ငွေ ရရှိရန် နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ခရီးသည် ရရှိရန် ကြိုးပမ်းလာကြရ သည်။

ထူးမခြားနား

တက္ကစီယာဉ်များ ပေါများလာသော်လည်း အများပြည်သူများမှာ စီးနင်းခများ သက်သာခြင်း၊ လိုရာခရီး ကို လျင်လျင်မြန်မြန် ရောက်ရှိခြင်းနှင့် စီနင်းခအတွက် အငြင်းပွားရန် မလိုခြင်း စသည့် အခြေခံ လိုအပ်ချက်များကိုပင်လျှင် မရရှိသေးကြောင်း တက္ကစီစီးနင်းသူများက ပြောကြားကြသည်။

တက္ကစီယာဉ်များ အခွန်သက်သာစွာ တင်သွင်းခွင့် ရလာသော်လည်း တက္ကစီးနင်းသည့် အများပြည်သူ၊ တက္ကစီ ကုမ္ပဏီများ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြသည့် တက္ကစီ ပိုင်ရှင်များအတွက် သင့်တင့်သည့် အကျိုးအမြတ် ရရှိမှုမှာ နည်းပါးလျက်ရှိကြောင်း တက္ကစီ လုပ်ငန်းရှင်များက ဆိုသည်။

On Call စနစ်ကဲ့သို့ အများပါဝင်နိုင်သည့် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် တက္ကစီ ပြေးဆွဲရေး စနစ်များ ပေါ်ထွက်လာခြင်း၊ သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့ကျသွားမှသာလျှင် တက္ကစီလုပ်ငန်း လုပ်ကိုင်သူများအတွက် ထွက်ပေါက် ရပေတော့မည် ဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းက သုံးသပ်ထားကြသည်။

ယခုအချိန်ထိတော့ ကုမ္ပဏီလည်း ထူးမခြားနား၊ ကုမ္ပဏီများ၏ အားကို လိုက်မနိုင်သော တစ်နိုင်တစ်ပိုင် ယာဉ်ပိုင်ရှင်များလည်း ရပ်ထားမရ၊ စားသုံးသူများအတွက်လည်း ယာဉ်များ ကောင်းလာသည်က လွဲ၍ ဇာတ်လမ်းဟောင်းအတိုင်း ဖြစ်နေသေးသည်။

“ကားသွင်းဖို့ပဲ အားပေးနေရင် မထူးဘူးဗျ။ ကုမ္ပဏီတွေက ငွေရှိလို့ အရှုံးဒဏ် ခံနိုင်ပေမယ့် ကျွန်တော်တို့ကျတော့ ကားရပ်ထားရင်လည်း ငွေက မဝင်။ ကားဈေးက ကျ၊ မောင်းပြန်တော့လည်း အုံနာကြေးက သိပ်မကိုက်ဘူး။ အရင်း ကျေဖို့ သုံးနှစ်ကျော်လောက် စောင့်ရမှာ” ဟု သာကေတ မြို့နယ်ရှိ တက္ကစီ ကားငါးစီး ပိုင်ရှင် အမျိုးသား တစ်ဦးက ဆိုလေသည်။

0 comments:

Post a Comment