1.8.13

အိမ်ကွင်းမူပိုင်ခွင့်တွင် ဂလေဇာတို့အပေါ် မန်ယူပရိသတ်များ အသာရ

ဘီလျံနာသူဌေးများ ဖြစ်ကြသော ဂလေဇာ မိသားစု အနေဖြင့် အိုးလ်ထရက်ဖို့ဒ် ဟူသည့် အိမ်ကွင်းအမည်ကို စပွန်ဆာ စာချုပ်အတွက် ရောင်းချမှုမျိုး ပြုလုပ်မည် ကို မလိုလားသည့် ယူနိုက်တက် ပရိသတ်များက ယင်းအမည်ကို ကာကွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။


အသင်း၏ အိမ်ကွင်းကို ကာကွယ်ရန် ကြိုးပမ်းခဲ့သည့် မန်ချက်စတာယူနိုက် တက် ပရိသတ်များ၏ အားထုတ်မှု အပြည့်အဝ အောင်မြင်သွားပြီဟု သိရှိရ သည်။ အင်္ဂလန် ချန်ပီယံ အသင်းကို ပိုင်ဆိုင်သည့် အမေရိကန် ဘီလျံနာသူဌေး များ ဖြစ်ကြသော ဂလေဇာ မိသားစု အနေဖြင့် အိုးလ်ထရက် ဖို့ဒ်ဟူသည့် အိမ်ကွင်းအမည်ကို စပွန်ဆာ စာချုပ်အတွက် ရောင်းချမှုမျိုး ပြုလုပ်မည်ကို မလိုလားသည့် ယူနိုက်တက် ပရိသတ်များက ယင်းအမည်ကို ကာကွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ M.U.S.Tခေါ် မန်ချက်စတာ အခြေစိုက် ပရိသတ်များက အိုးလ်ထရက်ဖို့ဒ် အမည်ကို မြို့လူထုပိုင် တန်ဖိုးထား သတ်မှတ်ချက် တစ်ခုအဖြစ် အောင်မြင်စွာ အဆိုပြုနိုင်ခဲ့သည်။

ထို့ကြောင့် ယူနိုက်တက် အနေဖြင့် အိမ်ကွင်းကို ရောင်းချရန်ဖြစ်စေ၊ ကွင်းအမည်ကို ရောင်းချရန်ဖြစ်စေ လွတ်လပ်စွာ လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။ (၂၀၁၀)ပြည့်နှစ် ကတည်းက စတင်ခဲ့သည့် M.U.S.T၏ ကြိုးပမ်းမှုကို ယခုအခါ ထရက်ဖို့ဒ် ကောင်စီက အတည်ပြု လက်ခံလိုက်သည့်နောက် အိုးလ်ထရက်ဖို့ဒ်၏ ပိုင်ဆိုင်ခွင့်ကို အပြောင်းအလဲ ပြုလုပ်ရန် ခက်ခဲသွားမည် ဖြစ်သည်။ ယူနိုက်တက် တာဝန်ရှိသူများက မိမိတို့သည် ဘောလုံးကွင်း အမည်ကို ပြောင်းလဲမည် မဟုတ်ဟု အစောပိုင်းကတည်းက အတည်ပြုထားသော်လည်း ဂလေဇာတို့ကို ဆန့်ကျင်သည့် M.U.S.Tက ပိုမို စိတ်ချရအောင် ကြိုးစားခဲ့ခြင်း ဖြစ်သည်။


ယူနိုက်တက်သည် (၁၉၁၀)ပြည့်နှစ် ကတည်းက အိုးလ်ထရက်ဖို့ဒ်ကို အိမ်ကွင်းအဖြစ် အသုံးပြုလာခဲ့သည်။ ဂလေဇာ မိသားစု အနေဖြင့် အိုးလ်ထရက်ဖို့ဒ်ကို ရောင်းချရန် ဆုံးဖြတ်ပါက M.U.S.Tက ယင်းကို ဝယ်ယူထိန်းသိမ်းခွင့် ရှိနေပြီး အဆိုပါ အချက်အတွက် ပြန်လည် စဉ်းစားပေးပါရန် ဂလေဇာတို့က ကောင်စီထံ တိုက်တွန်းထားသည်။ ယူနိုက်တက်မှတစ်ဆင့် အဆိုတင်သွင်းမှုတွင် ဂလေဇာတို့က မိမိတို့သည် အသင်း၏ အိမ်ကွင်းအပေါ် စူးစိုက် တန်ဖိုးထားမှုကို ပြသသည့် အနေဖြင့် စတာလင်ပေါင် သန်း(၉၀)ဖိုးမျှ လိုအပ်ချက်များကို ဖြည့်စွက်ပေး ထားကြောင်း ဖော်ပြထားသည်။

အိုးလ်ထရက်ဖို့ဒ်ဆိုတာ တကယ့်ကို ထူးခြားတဲ့ နေရာတစ်ခုပါ။ ကလပ်အသင်းရဲ့ အသည်းနှလုံးနဲ့ ဝိညာဉ်လည်း ဖြစ်တယ် ဆိုတာကို နားလည်ပါတယ်ဟုလည်း အဆိုပါ တင်သွင်းမှုတွင် ရေးသားထားသည်။ M.U.S.Tသည် ယူနိုက်တက်ကို အများပိုင် ကုမ္ပဏီ တစ်ခုအဖြစ်မှ ဂလေဇာတို့ လက်လွှဲသိမ်းယူစဉ် ကတည်းက ဆန့်ကျင်ခဲ့သော အဖွဲ့အစည်း ဖြစ်သည်။ ဂလေဇာတို့သည် အသင်းကို ဘဏ်ချေးငွေများဖြင့် ဝယ်ယူမြှုပ်နှံပြီးနောက် အသင်း၏ အမြတ်ငွေများဖြင့် နှစ်ရှည်ကြွေး ပြန်ဆပ်ရန် ဆုံးဖြတ်ခဲ့ခြင်းကို M.U.S.Tက အပြင်းအထန် ကန့်ကွက်နေခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment