1.8.13

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကဏ္ဍ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌမှ အကြံပြုပြောကြား

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌမစ္စတာဂျွန်ဘာကိုး က နိုင်ငံရေးအကျဉ်းသား အားလုံးခြွင်းချက်မရှိလွှတ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတစ်ဦးမျှရှိလျှင်ပင် များလှပြီဖြစ်ကြောင်းဆိုရိုးစကားကိုသုံးစွဲလျက် ထောင်တွင်း အကျဉ်းခံနေသေးသော နိုင်ငံရေးအကျဉ်းသားများကို မည်သည့် စည်းကမ်းချက်မျှ မထားဘဲလွှတ်ပေးရန် တိုက်တွန်း လိုက်သည်။



သို့သော်လည်း အေဘီအက်စ်ဒီအက်ဖ်မှ ရဲဘော်ဟောင်း ကိုသံချောင်းအား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သင့် / မသင့် မေးခွန်းထုတ်ရာတွင် နိုင်ငံရေးအကျဉ်းသားဆိုသည်မှာမိမိ၏ ယုံကြည်ချက်အရအတိုက်အခံ ပြုလုပ်ခြင်း၊ နိုင်ငံရေးအရ လှုပ်ရှား ဆောင်ရွက်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း၊ ဆန့်ကျင်လှုပ်ရှားခြင်းစသည့် မိမိ၏ ယုံကြည်ချက်ကိုလွတ်လပ်စွာထုတ်ဖော် ပြော ကြားခြင်း၊ စသည့်အပြုအမူများကိုဆိုလိုခြင်းဖြစ်ကြောင်းအချို့ကိစ္စများမှာ သီးခြားစဉ်းစားရမည်ဖြစ်ကြောင်းဖြေကြားခဲ့ပါသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံဖြစ်လာရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် အမေရိကန် ပြည်ထောင်စု၊ ဂျာမဏီ နိုင်ငံ၊ ဆွစ်ဇာလန် နိုင်ငံ၊ အိန္ဒိယ နှင့် သြစတြေလျ စသည့် နိုင်ငံများသည် ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့သည် ဖက်ဒရယ် စနစ်ကိုတူညီစွာ သဘောပေါက်ထားရန် လိုအပ်ကြောင်း အကြံပြုသွားပါသည်။

ဒေါ်ဆောင်ဆန်းစုကြည်အား ဒီမိုကရေစီပြောင်းလဲရေးဆိုင်ရာသူရဲကောင်းအဖြစ် ချီးမြှောက်ကာ၊ သူ့အား နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝင်များ ၊ ခေါင်းဆောင်များ နိုင်ငံတွင်းဝင်ရောက် ခွင့်ပြုပြီး တွေ့ဆုံဆွေးနွေးခွင့်ပြုခြင်းနှင့် မြန်မာခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနိုင်ငံတကာသို့ လည်ပတ်လေ့လာ အတွေ့အကြုံ ရှာဖွေခြင်း၊ တည်ဆဲဥပဒေများအား ပြန်လည်စိစစ်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးခြင်းနှင့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ လူမျိုးစုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းစသည့်အချက်များမှာ မြန်မာအစိုးရ၏ ဒီမိုကရေစီအခြေခံ အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲမှုများဖြစ်ကြောင်းကိုလည်း မှတ်ချက်ပြု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌမစ္စတာ ဂျွန်ဘာကိုးက မြန်မာပြည် ဒီမိုကရေစီရေး ပြောင်းလဲမှုတွင် တရားဥပဒေများ ပြဌာန်းရာတွင်လည်းအပြည်ပြည်ဆိုင်ရာ လက်ခံထားသော လူ့အခွင့်အရေးများ ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်ကြိုးစားရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင်း မှ ရိုဟင်ဂျာများအား အခြေခံ လူကအခွင့်အရေးများနှင့်အညီ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရန် လိုအပ်ကြောင်းထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူတစ်ဦးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ ၍ မရှိကြောင်း ရွှေ့ပြောင်း ဝင်ရောက်လာသောဘင်္ဂါလီလူမျိုးများသာရှိကြောင်း တရားဝင် ပြောကြားထားသော်လည်း အဘယ်ကြောင့် ရိုဟင်ဂျာ ဟု သုံးနှုံးရပါသနည်းဟု ပြန်လည်းမေးမြန်းရာတွင်၊ ရိုဟင်ဂျာရှိကြောင်း နှင့် မရှိကြောင်း အချက်ကို အသီးသီး ဆွေးနွေးနေကြပါကြောင်း၊ မိမိတိုက်တွန်းသည်မှာ ရိုဟင်ဂျာအနေဖြင့် တိုင်းရင်းသားသတ်မှတ် မသတ်မှတ်ခြင်းထက် ကာလကြာအစဉ်အဆက် နေထိုင်ကြသူများအား နိုင်ငံတကာလူမှ အခွင့်အရေးစံနှုန်းများနှင့်အညီ နိုင်ငံသားအဖြစ် စိစစ် သတ်မှတ်ပေးရေးကိုဆောင်ရွက်ရန် တိုက်တွန်းခြင်းသာဖြစ်သည်ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာလည်း ဆောင်ရွက်သင့်သည့် ကိစ္စဖြစ်ကြောင်း ပြင်ဆင်ရန်လည်း ခက်ခဲပါကြောင်း ပြောဆိုသော်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ဆောင်ရွက်ရာတွင် လက်ရှိဖွဲ့စည်းပုံအား ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း နိုင်ငံသားများအား နားလည်သဘောပေါက် လက်ခံလာအောင် အသိပေးစည်းရုံးပါက အောင်မြင်နိုင်သည်ဟု အကြံပြုပြောကြားသည်။

နိဂုံးချုပ်အားဖြင့် မြန်မာပြည်သူများသည် ဒီမိုကရေစီသဘောတရားကို နားလည်းသဘောပေါက်ထားကြပြီဟု မြင်ပါကြောင်း၊ ဒီမိုကရေစီစနစ်သို့ မည်သို့ကူးပြောင်းရမည်နည်းဟူသော အရာကိုသာ ပြန့်ပွားပေးရန် လိုကြောင်း၊ ဗြိတိန် နိုင်ငံအနေဖြင့် လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီကူးပြောင်းရေးဆိုင်ရာ အသိပညာများကို မြန်မာနိုင်ငံသို့ လာရောက် ပို့ချပေးခြင်း၊ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ၊ဆရာဆရာမမျာအား ပြည်ပသို့ သွားရောက်လေ့လာသင်ယူနိုင်ရန် ကူညီပံ့ပိုးပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဗြိတိန်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌမစ္စတာ ဂျွန်ဘာကိုသည် မြန်မာနိုင်င့ ခရီးးစဉ်အတွင်း သြဂုတ်လ ၁-ရက်နေ့ နံ့နက် ၁၀-နာရီက ရန်ကန် တက္ကသိုလ် စိန်ရတုခန်းမတွင် ဆရာဆရာမကျောင်းသားကျောင်းသူများ၊ မီဒီယာ နှင့် အခြားဖိတ်ကြားထားသူ စုစုပေါင်း ၃၀၀-ခန့်အား ၄၅-မိနစ်ခန့် တွေ့ဆုံ ဟောပြောဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment