9.8.13

ရပ်ဆိုင်းခဲ့သည့် ဗုဒ္ဓဂယာ ခရီးသွား အာမခံကို ယခင်နှုန်းထားအတိုင်း ပြန်လည်ထားရှိခွင့်ပြု

ပြည်ပခရီးသွားရာတွင် ထားရှိရသော ခရီးသွား အာမခံဖြစ်သည့် ဗုဒ္ဓဂယာ ခရီးသွားအာမခံကို ယခင်သတ်မှတ်ထားသည့် ပရီမီယံ နှုန်းထားအတိုင်း ပြန်လည်ထား ရှိခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။


ဗုဒ္ဓဂယာခရီးသွား အာမခံထားရှိခွင့် ရရှိရန်အတွက် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီများမှ တောင်းဆိုသောကြောင့် ယင်းအာမခံ အမျိုးအစားကို ပြည်သူများ ထားရှိနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အာမခံကြေးကိုမူ ယခင်သတ်မှတ်ထားသည့် အာမခံ နှုန်းထားအတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်နှုန်းထားဖြစ်သည့် လေယာဉ်ဖြင့် သွားလာရသည့် ခရီးသွား အာမခံကြေး အသွား၊ အပြန် ကျပ် ၁၀၀၀၊ ခရီးစဉ် နှစ်ပတ်အတွက် အာမခံကြေး တစ်ယူနစ်လျှင် ကျပ် ၂၅၀ သတ်မှတ်ထားပြီး ၁၀ ယူနစ်အထိ ၀ယ်ယူခွင့် ရရှိထားကြောင်း သိရသည်။ နှစ်ပတ်ထက် ပို၍ကျော်လွန်ပါက သတ်မှတ်ထားသည့် နှုန်းထားများအလိုက် ထပ်ဆောင်းပေးရမည် ဖြစ်ကြောင်း သိရသည်။

ယင်းအာမခံ ထားရှိထားသည့် ခရီးသွား ပြည်သူများ အနေဖြင့် အာမခံထားရှိသည့် ကာလအတွင်း ခရီးသွားစဉ်တွင် ထိခိုက်ရရှိလျှင် သော်လည်းကောင်း၊ သေဆုံးလျှင်သော် လည်းကောင်း အာမခံ လျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။ သေဆုံးပါက ၁ ယူနစ် ထားရှိသည့် ခရီးသွားအတွက် ငါးသိန်းကျပ်၊ ၁၀ ယူနစ် ထားရှိပါက လျော်ကြေးငွေ ကျပ်သိန်းငါးဆယ် ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အတွက်မူ သတ်မှတ်ထားသည့် ဒဏ်ရာ အမျိုးအစား ၇၄ မျိုးအလိုက် ရာခိုင်နှုန်းအားဖြင့် လျော်ကြေးငွေ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဂယာ ခရီးသွား အာမခံနှင့် မက္ကာ ခရီးသွား အာမခံတို့ကို ၂၀၀၉ ခုနှစ်ကတည်းပင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ယခုအခါ ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ ပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုသောကြောင့် မြန်မာ့အာမခံ လုပ်ငန်းမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

''ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်တွေမှာ မကြာခဏ ခရီးသွားရင်း မတော်တဆ ထိခိုက်မှု ဖြစ်တာတွေ ကြုံရတဲ့ အတွက်ကြောင့် ပြန်လည်တောင်းဆိုတာပါ'' ဟု ဗုဒ္ဓဂယာ ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

Eleven Media Group

0 comments:

Post a Comment