9.8.13

နန်းဖာလုံဈေးအတွင်း ကသည်းသူပုန်မှ ဆက်ကြေးတောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဈေးသူဈေးသားများကို အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ခေါ်ယူမေးမြန်း

နန်းဖာလုံဈေးတွင် ကသည်းသူပုန်မှ ဆက်ကြေးတောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဈေးသူဈေးသားများကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့မှ ဖြစ်စဉ်အမှန်ကို ခေါ်ယူမေးမြန်း ခဲ့သည်ဟု ဈေးသူဈေးသား များက ပြောကြားခဲ့ကြသည်။


''နန်းဖာလုံဈေးမှာ ကသည်းသူပုန်တွေ ဆက်ကြေးတောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က သမ္မတရုံးကို စာတင်ထားတာ ရှိတယ်။ အဲဒီကိစ္စကို အထက်က စစ်ခိုင်းလို့ ခေါ်မေးရတာလို့ ပြောပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ သိသလောက် ပြောပြတာပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ်တွေ့ မကြုံဖူးဘူး။ ဒါပေမဲ့ ဆက်ကြေးတောင်းတာ မြင်ဖူးတာကို ပြောတဲ့သူတွေ ရှိတယ်။ ဘယ်နားမှာ ပိုက်ဆံတောင်းတယ် ဆိုတာတွေပါ ပြောပြလိုက်ပါတယ်။ ဆက်ကြေး တောင်းတဲ့သူ မရှိတော့ ဈေးလာဝယ်တဲ့သူလည်း အေးအေးချမ်းချမ်းနဲ့ ဈေးဝယ်ရတယ်ဆို ဈေးရောင်းကောင်းလာမှာပါလို့ ပြောပြလိုက်ပါတယ်။ သူတို့ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်'' ဟု နန်းဖာလုံ ဈေးကော်မတီဝင် ကိုသက်က ပြောကြားသည်။

နန်းဖာလုံဈေးတွင် ကသည်းသူပုန်များ ဆက်ကြေးတောင်းမှုကြောင့် ဇူလိုင်လဆန်းအတွင်း ဈေးခေတ္တ ပိတ်ခဲ့ရပြီး အရောင်းအ ၀ယ်များလည်း ရပ်တန့်ခဲ့ရသည်။ ''ကျွန်မတို့ကို ခေါ်မေးတာက ကသည်းတေ ဆက်ကြေးတောင်းတာ မြင်ဖူးလားဆိုပြီး မေးပါတယ်။ ကျွန်မလည်း မြင်ဖူးတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဆက်ကြေးတောင်းတာ ပိတောက်လိုင်း ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ဖမ်းဖူးတယ်လေ။ ဈေးအရောင်း အ၀ယ်ကတော့ မိုးရာသီဆိုတော့ အရောင်းအ၀ယ် နည်းပါတယ်'' ဟု နန်းဖာလုံဈေးသည် မသီတာက ပြောကြားသည်။

အဆိုပါ မေးမြန်းမှုကို နန်းဖာလုံဈေးသူ ဈေးသား ၂၀ နီးပါးခန့်ကို မေးမြန်းခဲ့သည်ဟု သိရသည်။ ''ကျွန်တော်တို့ရဲ့ ကိုယ် ရေးအကျဉ်းကို အကုန်ယူပြီးတော့ ဈေးဘာကြောင့် ပိတ်ရတယ်။ ဆက်ကြေး တောင်းတယ်ဆိုတာ ဟုတ်လားဆိုတာတွေ မေးပါတယ်။ ကသည်းတွေ ဘယ်အချိန် ကတည်းကစပြီး ၀င်လာတယ် ဆိုတာတွေပါ မေးပါတယ်။ ကျွန်တော်တို့က သိသလောက်အကုန် ပြောပြပါတယ်။ ကသည်းသူပုန်တွေ ဈေးအတွင်းကို မလာရဘူးလို့ ပြောဆိုထားတာတွေ ရှိပေမယ့် အခု ဖုန်းခေါ်ဆဲကို ဖြတ်သွားတာ သိပါတယ်။ ၀န်ထမ်းတွေကတော့ အပြောင်းအရွှေ့ ရှိတယ်ဆိုတော့ မသိပေမယ့် ကျွန်တော်တို့က ဒီနားမှာ နေလာတာ အနှစ် ၃၀ လောက် ရှိနေပြီလေ။ ဘယ်သူဆိုတာ သိတာပေါ့'' ဟု နန်းဖာလုံဈေး အနီးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

နန်းဖာလုံဈေးတွင်း တစ်နေရာကို ဇူလိုင်လကုန်ပိုင်းက တွေ့ရစဉ်

0 comments:

Post a Comment