9.8.13

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်၊ တရုတ်၊ သြစတြေးလျ အပါအ၀င် နိုင်ငံတကာသို့ အကူအညီတောင်းခံ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးမှတစ်ဆင့် အမေရိကန်၊ တရုတ်၊ သြစတြေးလျနိုင်ငံ အပါအ၀င် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် ဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၈ ရက်
နံနက်ပိုင်းက ပြောကြားသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များနှင့် အားနည်းချက်များကို ဖြည့်ဆည်းရန်အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးမှတစ်ဆင့် နိုင်ငံတကာသို့ ကူညီဆောင်ရွက်ပေးရန် ဆက်သွယ်ထားပြီ ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ကာလတွင် သြစတြေးလျနှင့် ဗီယက်နမ်နိုင်ငံတို့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်တန်းပေးပို့ရန်နှင့် တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါးနှင့် ရေကြောင်းကာကွယ်ရေး သင်တန်းများကို ပို့ချပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ပြန်လည် ဆက်သွယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် ဌာနမှဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က ''မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီအောင် တာဝန်ရှိသူ အနေနဲ့ အားလုံးပြင်ဆင် ဆောင်ရွက်နေတယ်။ ရဲတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ အနေနဲ့ အကူအညီ တောင်းခံထားတဲ့ နိုင်ငံတွေက အကူအညီတွေ ပေးလာရင် ရဲတပ်ဖွဲ့ကို အမှန်တကယ် အကျိုးပြုမယ့် အခြေအနေတွေနဲ့ လုပ်ဆောင်ချက်တွေက ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရင်တော့ လက်ခံသွားပါမယ်။ ပေးလာမယ့် အကူအညီ တွေကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြောင်းအရာတွေ မထပ်သွားအောင် ဆောင်ရွက်နေပါတယ်'' ဟု သြဂုတ် ၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရည်အသွေးနှင့် အရည်အချင်း မြှင့်တင်ရန် (Major Plan) ရေးဆွဲပြီး ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

၂၀၁၃ ခုနှစ် မေလအတွင်း တိုင်းဒေသကြီး အသီးသီးနှင့် ပြည်နယ်များတွင် လူသတ်မှု ၁၂၇ မှု၊ မုဒိမ်းမှု ၅၈ မှု၊ ခိုးမှု ၃၈၂ မှု၊ နာကျင်စေမှု ၆၄၂ မှု၊ ယာဉ်တိုက်မှု ၁၁၀၇ မှု စုစုပေါင်း ၂၃၁၆ မှု တို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရှိရသည်။

Eleven Media Group

ဇူလိုင် ၁၅ ရက် ည ၁၁ နာရီခန့်က ပြည်လမ်းမပေါ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

0 comments:

Post a Comment