23.8.13

လူနေမှုပုံစံ ပြောင်းလဲမှုကြောင့် လူငယ်များတွင်ပါ နှလုံးသွေးကြော ကျဉ်းရောဂါ ပိုမိုဖြစ်ပွား

နှလုံးသွေးကြော ကျဉ်းရောဂါ ဖြစ်ပွားမှုသည် ယခင်က အသက် ၅၀ နှင့် အထက်တွင်သာ ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် လူငယ်များတွင် ပိုမိုဖြစ်ပွား လာသည်ကို တွေ့ရကြောင်း သိရသည်။


ယင်းရောဂါ ဖြစ်ပွားမှုသည် လူနေမှုပုံစံနှင့် အဓိကသက်ဆိုင်ပြီး ယခုနောက်ပိုင်းတွင် လူငယ်များ အနေဖြင့် ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းနှင့် တာရှည်ခံ အသင့်စား အစားအစာများ စားသုံးမှုများပြားတို့ကြောင့် လူငယ်များတွင်ပါ ပိုမိုဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ ဖြစ်ပွားနေလဲ ဆိုတာကတော့ အချက်အလက်တွေ အတိအကျ မသိနိုင်ဘူး။ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ သူတို့ရဲ့ လူနေမှု ပုံစံပြောင်းလဲမှုကြောင့် များလာတယ်။ ဒီမှာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ under diagnosis ဖြစ်နေတော့ ဖုံးပြီးမရှိသလို ဖြစ်နေတယ်။ ပြီးရင်လူနာတွေက မသိဘဲ ဖြစ်နေတဲ့သူတွေ အများကြီးရှိတယ်။ အရင်ကဆိုရင် အသက် ၅၀ အထက်မှာပဲ ဖြစ်တာတွေ့ရတယ်။ ခုနောက်ပိုင်းမှာဆိုရင် အသက်လတ်ပိုင်းတွေမှာ လူငယ်တွေမှာပါ အဖြစ်များတာ တွေ့လာရတယ်။ ကျွန်တော် စင်ကာပူမှာတုန်းက တွေ့ခဲ့ရတဲ့ နှလုံးသွေးကြောကျဉ်း ရောဂါသည် တစ်ယောက်ဆိုရင် အသက် ၁၉ နှစ် အရွယ်ပဲ ရှိပါသေးတယ်။ ဒါတွေဟာ လူနေမှုပုံစံကြောင့်နဲ့ စိတ်ဖိစီးမှု များတာတွေ၊ ဆေးလိပ် အလွန်အကျွံ သောက်သုံး တာတွေကြောင့် ဖြစ်ရတယ်'' ဟု နှလုံးရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ သန်းထိုက်အောင်က ပြောကြားသည်။

''ဆေးရုံမှာ လာပြတဲ့ လူနာတွေရဲ့ ရာခိုင်နှုန်း ၃၀ က နှလုံးရောဂါနဲ့ ပတ်သက်တာ များတယ်။ နှလုံးရောဂါ တွေထဲမှာ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါက ရာခိုင်နှုန်း ၅၀ အထက်မှာ ရှိပါတယ်။ လာပြတဲ့ လူနာတွေထဲမှာ ခုနောက်ပိုင်းမှာ လူငယ်တွေလည်း ပါလာတယ်။ အသက် ၂၅ နှစ်အထိ ဖြစ်ပွားတာကို တွေ့ရတယ်'' ဟု အာရှတော်ဝင် ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နှလုံးသွေးကြောကျဉ်း ရောဂါသည် နှလုံးသွေးလွှတ်ကြော နံရံများတွင် အဆီများ စုပုံလာရာမှ သွေးကြောနံရံများ ထူလာပြီး သွေးစီးလမ်းကြောင်း ကျဉ်းသွားခြင်း (သို့မဟုတ်) လုံးဝပိတ်သွားခြင်း တို့ကို ဖြစ်စေကြောင်း သိရသည်။

နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားပါက ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်းနှင့် ရုတ်တရက် နှလုံးရပ်သွားခြင်းတို့ ဖြစ်လာနိုင်ကြောင်း သိရသည်။

ရောဂါဖြစ်ပွားပါက ဆေးဝါးများဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် နှလုံးသွေးကြော ချဲ့၍ သွေးကြောထောက် ကိရိယာဖြင့် ကုသနိုင်ကြောင်း သိရသည်။

Eleven Media Group

ဆေးလိပ်သောက်သုံးနေသူ လူငယ်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)

0 comments:

Post a Comment