18.8.13

ဖို့ဒ်ကားများ ပြုပြင်ရန် ထိုင်းတွင်သင်ယူ

အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ဖို့ဒ် (Ford) ကပြည်တွင်းရှိ ဖို့ဒ် မော်တော်ယာဉ်များကို ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံရှိ RMA Academy တွင် မြန်မာ ၁၀ ဦးကို လေ့ကျင့် သင်တန်းပေးခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။


ပထမဦးဆုံး အလုပ်သင် ကျွမ်းကျင်သူ ၁၀ ဦးကို RMA Academy ၏ ထိုင်းနိုင်ငံ Laem Chabang တွင် ဖွင့်လှစ်ထားသော အဆင့်မြင့် လေ့ကျင့်ရေးကျောင်းတွင် တစ်လနီးပါးကြာ Ford Technician Immersion Program သင်ကြားပေးခဲ့ကြောင်း ဖို့ဒ် ထံမှသိရသည်။

အဆိုပါ အစီအစဉ်ကို ဖို့ဒ်မော်တော်ယာဉ် ကုမ္ပဏီနှင့် ၎င်း၏ မိတ်ဖက်များဖြစ်သော RMA Academy၊ ပြည်တွင်းရှိ Capital Automotive တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျယ်ပြန့်သော ဝန်ဆောင်မှုများနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်ခန်းစာများ ပါဝင်ပြီး နေ့စဉ်လုပ်နေကျ လုပ်ငန်းများအပြင် လျှပ်စစ်နှင့် တိုင်းတာမှု ဘာသာရပ်များကိုပါ သင်ကြားပေးခဲ့ကြောင်း ဖို့ဒ်ထံမှ သိရသည်။

အလုပ်သင်များကို Ford Motor Company နှင့် Capital Automotive တို့က ရန်ကုန်မြို့တွင် စက်တင်ဘာလ၌ ဖွင့်လှစ်မည့် အရောင်းပြခန်းတွင် စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း Capital Automotive ကုမ္ပဏီထံမှ သိရသည်။

“စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ မွေးထုတ်သွားဖို့အတွက် အစဉ်တစိုက် လုပ်ဆောင်သွားမှာပါ။ ဖို့ဒ်နဲ့ RMA မှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေက သင်ကြားပို့ချပေးတဲ့အတွက် ဒီဝန်ထမ်းတွေဟာ ကောင်းမွန်တဲ့ စတင်ခြင်းတစ်ခုပါပဲ” ဟု Ford Export & Growth Operations ၏ ဒေသတွင်း မန်နေဂျာ David Westerman က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Suzuki၊ Nissan,Tata အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများက တရားဝင် အရောင်းပြခန်းများ ဖွင့်လှစ်၍ မော်တော်ယာဉ် ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ ပေးနေသည်။

The Voice Weekly

0 comments:

Post a Comment