18.8.13

ပျဉ်းမနား သကြားစက်ရုံ လုပ်သားတစ်ရာကျော် အလုပ်မထုတ်ရန် သမ္မတထံ ထပ်မံတောင်းဆို

ပျဉ်းမနားမြို့နယ်ရှိ သကြားစက်ရုံတွင် အခြေခံအလုပ်သမား ၁၀၀ ကျော် ပိုလျှံနေသည်ဟုဆိုကာ အလုပ်ဖြုတ်မည်ဟု အလုပ်ရှင်က တရားဝင် ပြောဆိုထားသဖြင့် ယင်းကိစ္စကို ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတထံ ထပ်မံတောင်းဆိုသွားမည် ဖြစ်ကြောင်း သကြားစက် အခြေခံလုပ်သား အဖွဲ့အစည်းမှ အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။


အလုပ်ဖြုတ်ခံရမည့်ကိစ္စနှင့် ပတ်သက်၍ သကြားစက် အခြေခံလုပ်သား အဖွဲ့အစည်းက သြဂုတ်လ ၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ သကြားစက်ရုံတွင် အခြေခံလုပ်သား တစ်ဦးလျှင် တစ်လ လစာကျပ် ၅၀,၀၀၀ သာရရှိသဖြင့် လုပ်ခလစာ တိုးပေးရန် ဇွန်လအတွင်းက တောင်းဆိုခဲ့သည့် လုပ်သား ၅၆၆ ဦးရှိသည့်အနက် ၁၁၆ ဦး ကို လုပ်သား ပိုလျှံနေသည်ဟုဆိုကာ အလုပ်ဖြုတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ လုပ်သားအင်အား လျှော့ချမှုကို ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတထံ ထပ်မံတင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။

လုပ်သားအင်အား လျှော့ချမည့် အစီအစဉ်ကို စက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာက အလုပ်သမားများကို ဇွန်လအတွင်းက ပြောဆိုထားခြင်း ဖြစ်ကြောင်း အဆိုပါလုပ်သားများက ပြောကြားသည်။

လုပ်ခတိုးမပေးခြင်းအပြင် ပိုလျှံလုပ်သားများကို ဖြုတ်မည် ဆိုသောကြောင့် ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ပထမအကြိမ် တိုင်ကြားစာ ပေးပို့ခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနများသို့လည်း တိုင်ကြားစာ ထပ်မံပေးပို့ တောင်းဆိုခဲ့ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းထံမှ သိရှိရသည်။

“အလုပ်သမားတွေက ဒီနေ့ဖြုတ်ခံရမလား၊ မဖြုတ်ခံရဘူးလားဆိုပြီး စိုးရိမ်နေရတယ်” ဟု လုပ်သားတစ်ဦးဖြစ်သူ ဦးအောင်ဇော်မိုးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အဆိုပါ သကြားစက်ရုံသို့ သြဂုတ်လ ၁၈ ရက်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ယူ ဖြေကြားပေးမည့်သူ မရှိခဲ့ပေ။

အဆိုပါ သကြားစက်ရုံကို နှစ် ၃၀ စီမံကိန်းဖြင့် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ယုဇနကုမ္ပဏီက BOT စနစ်ဖြင့် လွှဲပြောင်းယူခဲ့ကြောင်း၊ လွှဲပြောင်းစာချုပ်တွင် လက်ရှိဝန်ထမ်းများကို ဆက်လက်ခန့်ထားရေးနှင့် ဝန်ထမ်းများ၏ မူရင်းလစာကို အစိုးရဝန်ထမ်း လစာနှုန်းထက်မနည်း ပေးဆောင်ရမည်ဟု ပါရှိထားကြောင်း အဆိုပါ သကြားစက်ရုံ လုပ်သားများက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment