18.8.13

ထိုင်းအစိုးရနှင့် တောင်ပိုင်း မွတ်ဆလင် သူပုန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီမှု မရရှိသေး

ထိုင်း အစိုးရနှင့် တောင်ပိုင်း မွတ်ဆလင် လက်နက်ကိုင် သူပုန် BRN (Barisan Revolusi Nasional) တို့ ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိရာ မွတ်ဆလင် သူပုန်များဘက်က တောင်းဆိုချက် များအနက် တောင်းဆိုချက် တစ်ခု၏ အဓိပ္ပာယ်ကို မရှင်းလင်းသောကြောင့် သဘောတူညီချက် ရရှိရေး အတွက် အဆင့်ကို မတက်လှမ်းနိုင်သေးကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ
အထွေထွေအတွင်းရေးမှူး ပရာဒွန်ပတ္တနာတာဘတ် ၏ ပြောကြားချက်ကို ကိုးကားလျက် mcot သတင်း တစ်ရပ်က ဖော်ပြထား သည်။

အပစ်အခတ် ရပ်စဲရေးအတွက် သူပုန် အင်အားစုက အချက် ငါးချက် တောင်းဆိုထားပြီး စတုတ္ထမြောက် အချက်ကို ထိုင်းအစိုးရဘက်မှ ညှိနှိုင်းသူများက မရှင်းလင်းခြင်း ဖြစ်ပေသည်။

စတုတ္ထမြောက် တောင်းဆိုချက်သည် အရပ်သား အခွင့်အရေး ကိစ္စ တောင်းဆိုချက် သို့မဟုတ် မာလာယု ပတ္တာနီများကို အသိအမှတ် ပြုရေးအတွက် တောင်းဆိုချက် ဆိုသည်ကို မသဲကွဲသောကြောင့် နောင်တွင် မှားယွင်း အဓိပ္ပာယ် ကောက်ယူမှုများ ဖြစ် လာနိုင်သည်ဟု ထိုင်းအစိုးရဘက်မှ တုံ့ပြန်ထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်သာလျှင် ထိုင်းတောင်ပိုင်း၏ အကြမ်းဖက်မှု များ ရပ်တန့်သွားစေပြီး သာယာ ငြိမ်းချမ်းမှုများ ဆောင်ကြဉ်းလိမ့်မည် ဟု နှစ်ဖက် အင်အားစုများ အခြေခံ သဘောတူထားကြပြီး ဆက်လက် ဆွေးနွေးရန် စီစဉ်လျက် ရှိကြသည်။

BRN ဘက်က တောင်းဆိုချက်များတွင် အစိုးရက မလေးရှားကို ကြားဝင် စေ့စပ် ညှိနှိုင်းပေးသူအဖြစ် လက်ခံရန်၊ ထိုင်းအစိုးရ ကိုယ်စားလှယ် များနှင့် BRN ကိုယ်စားလှယ်များက ဆွေးနွေးကြရန်၊ ဒေသ တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသော အာဆီယံ၊ OIC နှင့် အခြား NGO များကို သက်သေထားလျက် ညှိနှိုင်း ဆွေးနွေးကြရန်၊ ဖမ်းဝရမ်း များကို ပြန်ရုပ်သိမ်းပေးပြီး အကျဉ်းသားများ ပြန်လွှတ်ပေးရန် စသည့် အချက်များ ပါဝင်သည်။

ထိုင်း သူပုန်ဘက်မှ တောင်းဆိုချက် အချို့ကို အစိုးရ လက်ခံနိုင်ကြောင်း၊ ထို့ကြောင့် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီး ပရာယုက အတည်ပြုပေးခဲ့သည်။

ဆွေးနွေးပွဲများ စတင်ပြီး နောက်ပိုင်းတွင်လည်း ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့သဖြင့် အာဏာပိုင်များအနေနှင့် သူပုန်တို့ တောင်းဆိုထားချက်များကို အပြန်ပြန် အလှန်လှန် သုံးသပ် စစ်ဆေးကြရကြောင်း အဆိုပါ စစ်ခေါင်းဆောင်က ပြောကြားသည်။

ထိုင်းတောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က လမ်းဘေးဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ခဲ့ပြီး စစ်တပ် အရာရှိ လေးဦး ဒဏ်ရာ ရရှိခဲ့သေး သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ယခင်က မွတ်ဆလင် သူပုန်များသည် အစိုးရ စာသင်ကျောင်းများနှင့် ကျောင်းဆရာ၊ ဆရာမများကို ပစ်မှတ်ထား လုပ်ကြံခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျောင်းများကို အစိုးရ လက်နက်ကိုင်များ က စောင့်ကြပ်ပေးရလျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment