18.8.13

အီရန် နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲမည်ဟု သမ္မတသစ်ဆို

အီရန်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများကို ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ်ပြီး သမ္မတဟောင်း အာမက်ဒီနီဂျက် လက်ထက်က ကဲ့သို့ မောက်မောက်မာမာ ကြွေးကြော်မှုများ ဆက်လက် ပြုလုပ်မည် မဟုတ်ဟု သမ္မတသစ် ဟတ်ဆန်ရိုဟာနီက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


ပြည်သူများက မိမိကို ရွေးချယ် ခန့်အပ်ခြင်းမှာ အီရန် နိုင်ငံခြားရေး မူဝါဒတွင် အပြောင်းအလဲများ ပြုလုပ်လိုခြင်းကြောင့် ဖြစ်ကြောင်း သမ္မတသစ် ရိုဟာနီ က နိုင်ငံခြားရေး ဝန်ကြီး ခန့်အပ်သည့် အခမ်းအနားတွင် ပြောကြားလိုက် သည်။

သို့သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ အီရန်နိုင်ငံ၏ အခြေခံ မူဝါဒများကို စွန့်ခွာခြင်း မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် သမ္မတဟောင်း အာမက်ဒီနီဂျက် လက်ထက်က ကဲ့သို့ မောက်မောက်မာမာ ပြောဆိုမှုများ ပြုလုပ်သွားမည် မဟုတ်ဟု ရိုဟာနီက ဆိုသည်။

“နိုင်ငံခြားရေး မူဝါဒဆိုတာ ကြွေးကြော်သံတွေ ထပ်တလဲလဲ အော်နေရုံ နဲ့ ဖြစ်မလာဘူး” ဟု ၎င်းက ပြောသည်။

အီရန်နိုင်ငံ၏ အကျိုးစီးပွားကို ခုခံ ကာကွယ်သွားမည် ဖြစ်ပြီး နည်းလမ်း ကျနစွာ၊ တိကျစွာ၊ ကျိုးကြောင်း ဆီလျော်စွာ လုပ်ဆောင်သွားမည်ဟု သမ္မတသစ်က ကတိပြုသည်။

နိုင်ငံတွင်း ဖြစ်ပွားနေသော စီးပွားရေး ကျပ်တည်းမှုများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကို နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု အီရန်နိုင်ငံက ထုတ်ပြန်ထားသည်။

အီရန် သမ္မတအဖြစ် သြဂုတ် ၄ ရက်နေ့တွင်ရိုဟာနီ တရားဝင် တာဝန် ထမ်းဆောင်ခဲ့ပြီး သမ္မတသစ် အမည်စာရင်း တင်သွင်းခဲ့သည့် ဝန်ကြီး ၁၈ ဦးအနက် သုံးဦးမှ တစ်ပါး ကျန်ဝန်ကြီး အားလုံးကို လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ဝန်ကြီးသစ် အများစုမှာ သမ္မတ ရိုဟာနီကဲ့သို့ပင် အနောက်နိုင်ငံများ တွင် နေထိုင် ပညာသင်ကြားခဲ့သူများ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

The Voice Weekly

0 comments:

Post a Comment