18.8.13

ရုရှား အရှေ့ပိုင်း ဒေသ၌ ရေအကြီးအကျယ် လွှမ်းမိုး လူထောင်ပေါင်းများစွာ နေရာ ရွှေ့ပြောင်း

ရုရှားနိုင်ငံ အရှေ့ပိုင်း ဒေသ၌ ရေလွှမ်းမှုများ အကြီးအကျယ် ဖြစ်ပွား ခဲ့ခြင်းကြောင့် ဒေသခံ ထောင်ပေါင်း များစွာကို နေရာ ရွှေ့ပြောင်းပေးခဲ့ရပြီး ယာယီ နေထိုင်စရာများကို အရေးပေါ် ဖန်တီးပေးခဲ့ရကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။


တရုတ်နိုင်ငံ မြောက်ပိုင်း၌ တည်ရှိသော ရုရှားဒေသ သုံးခုတွင် သဘာဝ ဘေးအန္တရာယ်များ ကျရောက်နေခြင်းကြောင့် ဒေသခံ ၁၈၀၀၀ ဦး ကူညီ ကယ်ဆယ်မှုများ လိုအပ်နေကြောင်း ရုရှား အရေးပေါ် အခြေအနေ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာမူးဒေသ၊ ခဘာရို့ဒေသနှင့် ဂျူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေ ကြောင်း ရုရှားနိုင်ငံ တောင်ပိုင်း သတင်းဌာန RIA တွင် ဖော်ပြထားသည်။

မိုးရွာသွန်းမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူပေါင်း ၃၂,၀၀၀ သဘာဝ ဘေးအန္တရာယ် ခံစားနေရပြီး ၁၇,၀၀၀ ကို ကူညီ ကယ်ဆယ်ပေး ထားကြောင်း အရေးပေါ် အခြေအနေ ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

မြို့ရွာပေါင်း ၁၃၁ ခုရှိ နေအိမ်များ၊ တိုက်ခန်းများ ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပြီး အမာကာယာအိုလဘတ်၊ ခဘာရိုစကီခရိုင်နှင့် ရတ်ကာရာအိုဘလတ် ဒေသ များတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည်။

ယာယီ ဘေးအန္တရာယ် ခိုလှုံရာ နေရာပေါင်း ၁၆၆ ခုကို အာဏာပိုင်များက အလျင်အမြန် ဆောက်လုပ်ပေးခဲ့ပြီး အစားအစာများ၊ သောက်သုံးရေ များနှင့် ဆေးဝါးများကို ပေးပို့ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဆာဗော်ဆိုဗာ က ပြောကြားသည်။

ထို့အပြင် အစားအစာများ၊ အသက်ကယ် အင်္ကျီများနှင့် လှေများ အပါအဝင် ကူညီကယ်ဆယ်ရေး ပစ္စည်း တန်ချိန် ၅၃ တန် တင်ဆောင်လာ သည့် လေယာဉ် တစ်စင်းလည်း ဘလိုဂိုဗတ်ချနက်မြို့သို့ ဦးတည် မောင်းနှင် လျက် ရှိသည်။

ရေလွှမ်းမိုးမှုနှင့် ပတ်သက်သည့် အစည်းအဝေး တစ်ရပ်ကို သမ္မတ ပူတင် ဦးဆောင် ပြုလုပ်ခဲ့ပြီး ဒေသခံ အုပ်ချုပ်ရေးမှူးများပါ ကယ်ဆယ်ရေး အစီအစဉ်များတွင် ကိုယ်တိုင် ပါဝင် လုပ်ဆောင်ရမည်ဟု ပြောကြားလိုက် သည်။

“ဘယ်သူ့ကိုမှ မေ့မထားပါဘူး။ တစ်ယောက်မှ အဆုံးရှုံးခံမှာ မဟုတ်ဘူး” ဟု သမ္မတပူတင်က ပြောကြားသွားကြောင်း RIA သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့ နောက်ပိုင်းမှ စ၍ မိုးရွာသွန်းမှုများ လျော့ကျသွားခြင်းကြောင့် ရေလျှံ သည့် ပမာဏ လျော့ကျ သွားမည် ဖြစ်ကြောင်း ဒေသဆိုင်ရာ ပတ်ဝန်းကျင် အရာရှိ ပါရှင်က ပြောကြားသည်။

မြစ်ရေချိန်မှတ်မှာ လာမည့် သြဂုတ် ၂၅ ရက်နေ့တွင် ၇ မီတာထိ ၃၅ ပေ ရောက်ရှိမည်ဟု ခန့်မှန်းထား ပြီး ယင်းကဲ့သို့သော မြစ်ရေချိန် ပမာဏ ယခင်က ကြုံတွေ့ခဲ့ရခြင်း မရှိကြောင်း ပါရှင်က မှတ်ချက်ပြုသည်။

ရေလွှမ်းမိုးမှုနှင့် ပတ်သက်၍ သေဆုံး ဒဏ်ရာရရှိသူ မည်မျှ ရှိကြောင်းကို ရုရှား အရေးပေါ်အခြေအနေ ဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိပေ။

သို့သော်လည်း ရုရှားနိုင်ငံတွင်း ဖြစ်ပွားသည့် ရေလွှမ်းမိုးမှုများတွင် လူအသေအပျောက် များလေ့ ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ အတွင်း နိုင်ငံတောင်ပိုင်းခရာနိုဒါး ဒေသ၌ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံ ၁၄၁ ဦး သေဆုံးခဲ့သည်။

The Voice Weekly

0 comments:

Post a Comment