18.8.13

တရုတ် ပေါလစ် ဗျူရိုဟောင်း ဘိုရှီလိုင်းကို ကြာသပတေးနေ့တွင် ရုံးတင် စစ်ဆေးမည်

တရုတ် ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း ဘိုရှီလိုင်းကို အကျင့်ပျက် လာဘ်စားမှု၊ အာဏာ အလွဲသုံးစွဲမှုများဖြင့် ဂျီနန် ပြည်သူ့ တရားရုံး၌ လာမည့် ကြာသပတေးနေ့တွင် တရာရုံးတင် စစ်ဆေးမည်ဟု CNN တွင် ဖော်ပြထားသည်။


ဘိုရှီလိုင်းက မိမိ၏ ရာထူးနေရာကို အသုံးချပြီး ငွေကြေး အကျိုးအမြတ် ရှာဖွေခဲ့သဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် ဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်ခဲ့သည် ဟု တရုတ် အာဏာပိုင်များက စွပ်စွဲထားသည်။

၎င်းကို အာဏာ အလွဲသုံးစားမှု၊ အကျင့်ပျက် လာဘ်စားမှုများဖြင့် တရားစွဲဆို ထားကြောင်း ဂျီနန် ပြည်သူ့ တရားရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက် သည်။

သို့သော်လည်း စွပ်စွဲချက်များမှာ အဓိပ္ပာယ် မရှိကြောင်း ဘို၏ မိသားစုနှင့် ဆယ်စုနှစ်များစွာ ရင်းနှီးခဲ့သူက ပြောကြားသည်။

“တာ့ဂျန်းမြို့မှာ ဘို တာဝန် ထမ်းဆောင်နေတုန်းက ဖြစ်ရပ်တွေကို တရားစွဲ ထားတာပါ။ အဲဒီကိစ္စတွေ ဖြစ်ပေါ်ခဲ့တာ နှစ်၂၀ ကျော်သွားပါပြီ။ မကြာသေးခင်က ဖြစ်ရပ်တွေကို ဘာလို့ ရှာဖွေ တရားမစွဲတာလည်း” ဟု ၎င်းက မှတ်ချက်ပြုသည်။

၂၀၁၂ မတ်လ မတိုင်ခင် အချိန်ထိ ကွန်မြူနစ် ပါတီ၏ မူဝါဒရေးရာ ဆုံးဖြတ်ရေးအဖွဲ့ဖြစ်သော ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် ဘိုရှီလိုင်း တာဝန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံ အနောက် တောင်ပိုင်းရှိ မီဂါမြို့ တစ်မြို့ဖြစ်သော ချုံကင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ပမာဏလွန်စွာ ကြီးမားသည့် ငွေကြေးများကို အလွဲသုံးစား ပြုခဲ့သည်ဟု တရားရုံး စွဲချက်တင်မှုတွင် ဖော်ပြထားသော်လည်း မည်မျှ ပမာဏထိ လာဘ်စားခဲ့သည်ကို တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ သန်း တန်ဖိုးရှိ လာဘ်ငွေများကို ဘို လက်ခံ ရယူခဲ့ကြောင်း အချို့သော သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဘို၏ ရှေ့နေက မည်သို့မျှ မှတ်ချက်ပေး ဖြေကြားခြင်း မရှိပေ။

သို့သော်လည်း တာ့လျန်းမြို့၌ စီးပွားရေး လုပ်ငန်းများစွာ ပိုင်ဆိုင်သော စီးပွားရေးသမား သန်းကြွယ်သူဌေး ဇူမင်းနှင့် ဘိုရှီလိုင်း ပတ်သက်ခဲ့သည့် ကိစ္စများကို တရားစွဲဆိုသွားနိုင်ကြောင်း လေ့လာ သုံးသပ်နေကြသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ တာ့လျန်း ဆိပ်ကမ်းမြို့၏ မြို့တော်ဝန်အဖြစ် ဘိုရှီလိုင်း ကိုးနှစ်တာ တာဝန် ထမ်းဆောင်ခဲ့ပြီး တာ့လျန်းမြို့သား ဇူမင်း ထံမှ ဒေါ်လာ ၂ ဒသမ ၆ သန်း တန်ဖိုးရှိ လာဘ်များ လက်ခံ ရယူခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်။

ဘိုရှီလိုင်း အမိန့် ချမှတ်ရေးတွင် တရားရုံးက မည်ကဲ့သို့ ချမှတ်မည်ကို သိရှိရခြင်း မရှိသော်လည်း တရုတ် ဥပဒေ စနစ်အရ ဒေသခံ တရားရုံးများ တွင် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရရှိထားပြီး ပြောင်းလွယ် ပြင်လွယ်လည်း ရှိသည်။

အာဏာပိုင်များ၏ ခြိမ်းခြောက် အကျပ်ကိုင်မှုများနှင့် ပြစ်မှုများ ဝန်ခံပါက သက်ညှာခွင့်ပေးမည် ဟူသော ဆွဲဆောင်မှုများကို ဘို ရှောင်လွဲနိုင်လိမ့်မည် ဟု မိသားစုဝင်များက မျှော်လင့်နေကြပြီး ဘို၏ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ကြောင်း ၎င်းတို့က ဖွင့်ဟသည်။

ဘို တရားစွဲဆိုခံရခြင်းကြောင့် တရုတ်ထိပ်တန်း ခေါင်းဆောင်များကြား သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့ပြီး ယင်းဖြစ်ရပ်သည် ဆယ်စုနှစ် များစွာအတွင်း တရုတ်နိုင်ငံ၏ အကြီးမားဆုံးနိုင်ငံရေး ပြဿနာ တစ်ရပ် ဖြစ်ကြောင်း CNN သတင်းတွင် သုံးသပ်ထားသည်။

The Voice Weekly

0 comments:

Post a Comment