18.8.13

မက္ကဆီကို ဒုစရိုက် ခေါင်းဆောင်များအနက် အရေးပါသော မူးယစ်ရာဇာ တစ်ဦး ထပ်မံ ဖမ်းမိ

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည့် ဂိုဏ်းသားများကို စစ်ကြေညာ ထားသော မက္ကဆီကို တွင် အစိုးရက အလိုရှိသည်ဟု ထုတ်ပြန်ထားသော ဒုစရိုက် ခေါင်းဆောင်များအနက် အရေးပါသော မူးယစ်ရာဇာ တစ်ဦးကို ထပ်မံ ဖမ်းမိလိုက်ပြီ ဖြစ်ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။


X-20 ဟု အမည်ပေးထားသည့် ပင်လယ်ကွေ့ မူးယစ်ဆေးဝါးဂိုဏ်း မှ ခေါင်းဆောင် မာရီယို ရာမီယက်ဇ်ထရီဗီနိုကို ဖမ်းဆီး ရရှိထားခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားကြသည်။

မက္ကဆီကို သမ္မတ အင်းနရစ် ပီနာနီတို အာဏာ ရလာပြီးကတည်းက ယခုကဲ့သို့ မြေအောက်လောက အရေးကြီး ခေါင်းဆောင် တစ်ဦးကို ဖမ်းမိခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။

မကြာသေးခင်ကလည်း မက္ကဆီကို မူးယစ်ဂိုဏ်း Zetas မှ မိုရယ်လီစ် ဆိုသူ ခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့သေးသည်။

ယခု ဖမ်းဆီးရမိခဲ့သူ ရာမီးယက်ဇ်ကို အမေရိကန်ပြည်ထောင်စုက ဆုငွေ ဒေါ်လာ ငါးသန်း ထုတ်ထားပြီး မက္ကဆီကို အစိုးရက ဆုငွေ ဒေါ်လာ သုံးသန်း ထုတ်ထားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပင်လယ်ကွေ့ဂိုဏ်း၏ ခေါင်းဆောင် The Coss ဟု မြေအောက် လောကတွင် နာမည်ကြီးသည့် အယ်ဒျူရာဒိုကော့စ် တီလာ အဖမ်းခံခဲ့ရပြီးနောက် ရာမီယက်ဇ်က ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ် သည်။

အဆိုပါ မူးယစ်ရာဇာကို စစ်တပ်နှင့် ရေတပ်တို့ ရီယိုဘရာဗို ဒေသတွင် ပူးပေါင်း စစ်ဆင်ပြီးနောက် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မက္ကဆီကို ပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြကြသည်။

Zetas ဂိုဏ်းနှင့် ပင်လယ်ကွေ့ဂိုဏ်းတို့သည် ၂၀၁၀ တွင် အကွဲအပြဲ ဖြစ်ခဲ့ပြီး ယင်းနှစ်ဖွဲ့ကို တစ်ဖွဲ့တည်းအဖြစ် ပြန်လည် စုစည်းနိုင်မည့် သြဇာ လွှမ်းမိုးနိုင်မှုမျိုး ရာမီးယက်ဇ်တွင် ရှိသည်ဟု မက္ကဆီကို မီဒီယာများ က ရေးသား ဖော်ပြကြသည်။

ယခင် အစိုးရ လက်ထက်က မူးယစ် ဂိုဏ်းများကို တိုက်ခိုက်သော စစ်ပွဲများတွင် ဒေသခံအဆင့် မူးယစ်ဂိုဏ်းများကို အဓိကထား တိုက်ခိုက် ဖြိုခွင်းခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် ခေါင်းဆောင်ကြီး အဆင့်များကို ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိနေသည်။

ယခင် သမ္မတဟောင်း ဖိလစ်ပီကယ်ဒါရွန်က မူးယစ်ဆေးဝါး ဂိုဏ်းသားများ ကို စစ်ကြေညာခဲ့ခြင်း ဖြစ်ပေသည်။

The Voice Weekly

0 comments:

Post a Comment