19.9.13

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းများ၌ နည်းစနစ် မှန်ကန်မှု မရှိပါက ဆောက်လုပ်ရေး ကန်ထရိုက်တာများအား ပြင်းထန်စွာ အရေးယူမည်

ရန်ကုန်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ အဆောက်အအုံ ဆောက်လုပ်မှု နည်းစနစ် မှန်ကန်မှု မရှိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရှိရသည်။


''ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ အနေနဲ့ အိမ်ရာအဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ နည်းစနစ် မှန်ကန်မှုမရှိရင် ဌာနအနေနဲ့ ပြင်းထန်စွာ အရေးယူပါတယ်။ ဒီကိစ္စကို လုံးဝလက်မခံပါဘူး။ ဒီအဆောက်အအုံကို စဆောက်မယ် ဆိုကတည်းက ဌာနအနေနဲ့ Inspection Group ဆိုပြီး အပြင်ကလူတွေကို third party ငှားထည့်ထားတာ ရှိတယ်။ ဒီအဖွဲ့တွေကနေ တစ်ချိန်လုံး စစ်ပေးနေတယ်'' ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောကြားသည်။

''အဆောက်အအုံ ဆောက်လုပ်နေတဲ့ အချိန်မှာ သူတို့အသုံးပြုနေတဲ့ သံချောင်းတွေ ဘိလပ်မြေတွေ အရည်အသွေး မမီဘူးဆိုရင် လျော့နေတာတွေ့ရင် ချက်ချင်း action ယူတယ်။ တိုင်တို့၊ ယက်မတို့ လုပ်နေတဲ့ နည်းစနစ်တွေ မှန်ကန်မှု မရှိဘူးဆိုရင်လည်း အရေးယူပါတယ်။ ဒါ့အပြင် ကိုယ်တိုင်တွေ့လို့ပဲဖြစ်ဖြစ် သတင်းပေးလို့ပဲဖြစ်ဖြစ် အကြောင်းကြားရင်လည်း အရေးယူပါတယ်။ တချို့ဟာတွေဆိုရင် ပြန်ဖျက်တယ်။ ပြန်ပြင်ရတာတွေ ရှိပါတယ်'' ဟုလည်း ဒေါ်မီမီတင်က ပြောကြားသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ၀ယ်ယူနိုင်စွမ်းရှိသော အိမ်ရာ (Affordable Housing) များကို ပြည်သူများ ၀ယ်ယူနိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ စုဆောင်းငွေ အသင့်အတင့်ရှိသည့် ၀န်ထမ်းများ၊ ၀န်ထမ်းဟုဆိုရာ၌ အစိုးရ၀န်ထမ်းနှင့် ပုဂ္ဂလိကကုမ္ပဏီ ၀န်ထမ်းများနှင့် စက်ရုံအလုပ်ရုံ ၀န်ထမ်းများပါ ၀ယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

(ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအား စက်တင်ဘာ ၉ ရက်က တွေ့ရစဉ်)

Eleven Media Group

0 comments:

Post a Comment