19.9.13

ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များမှ တစ်လအတွင်း ကျပ် ၁၉ ဘီလျံနီးပါး ထပ်မံမြှုပ်နှံ ခဲ့ပြီးနောက် စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၇၃၂ ဘီလျံအထိ ရှိလာ

ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များမှ တစ်လအတွင်း ကျပ် ၁၉ ဘီလျံနီးပါး ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များမှ မြှုပ်နှံလုပ်ကိုင်နေသည့် ပမာဏစုစုပေါင်းမှာ ကျပ် ၇၃၂ ဘီလျံအထိ ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံသား လုပ်ငန်းရှင်များ ၀င်ရောက်မြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၇၁၃ ဘီလျံကျော် (ကျပ် ၇၁၃၄၈၉ သန်းကျော်) ရှိရာမှ သြဂုတ် ၃၁ ရက်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ကျပ် ၇၃၂ ဘီလျံကျော် (ကျပ် ၇၃၂၄၄၅သန်း ကျော်) သို့ ရောက်ရှိလာခဲ့ခြင်းကြောင့် တစ်လအတွင်း ကျပ် ၁၉ ဘီလျံနီးပါး (ကျပ် ၁၈၉၅၅ သန်းကျော်) ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် အထပ်မြင့် အဆောက်အအုံများ၊ ရုံးခန်းများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများနှင့် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်များ ချထားပေးခဲ့သည်။

သြဂုတ်လ အတွင်း၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်း နယ်မြေနှစ်တွင် BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်၊ ၀န်ဆောင်မှုဆိုင်ရာ အဆောက်အဦ စသည်တို့ တည်ဆောက်ခြင်း လုပ်ငန်းကို Shwe Taung Development ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံသားများ အနေဖြင့် ဆောက်လုပ်ရေး ကဏ္ဍအပြင် စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ စက်မှုမြေကွက်နှင့် စိုက်ပျိုးရေး ကဏ္ဍတို့တွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍပြီးပါက ဆောက်လုပ်ရေး ကဏ္ဍတွင် ဒုတိယအများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

(ပြည်တာဝါ တည်ဆောက်နေမှုအား ဖေဖော်ဝါရီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

Eleven Media Group

0 comments:

Post a Comment