19.9.13

လူကုန်ကူးမှု လျော့ကျခြင်း မရှိသေးသဖြင့် တစ်နိုင်ငံလုံးရှိ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့ကို အင်အားတိုးချဲ့မည်

လူကုန်ကူးမှု တစ်နိုင်ငံလုံး အနေအထားရှိ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့အား အင်အားတိုးချဲ့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


လက်ရှိမြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှု အခြေအနေမှာ လျော့ကျသွားခြင်း မရှိသေးသည့်အတွက် ရဲတပ်ဖွဲ့ အင်အားများကို တိုးမြှင့်ရခြင်းနှင့် ကုစားရန်အတွက် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ လူကုန်ကူး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များ တိုးမြှင့်ရာတွင် လက်ရှိတွင် စွမ်းရည်မြှင့် သင်တန်းများ ပို့ချပေးနေပြီး သင်တန်းကာလ ပြီးစီးသွားပါက တစ်နိုင်ငံလုံးရှိ တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်များတွင် အင်အားဖြည့်တင်း သွားမည်ဖြစ်ကြောင်း သိရသည်။

''စွမ်းအားမြှင့် သင်တန်းတွေ ပေးနေတယ်။ ပြီးရင်တော့ တိုင်းနှင့်ပြည်နယ်တွေမှာ ရှိတဲ့ တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်တွေကို အင်အားဖြည့်တင် ပေးသွားမယ်လို့ သိထားပါတယ်'' ဟု ရန်ကုန်တိုင်း လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူးရိုလင်က ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ၂၇ ဖွဲ့တွင် ရဲတပ်ဖွဲ့ဝင် အင်အားမှာ ၃၀၀ ကျော်မျှသာ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ လူကုန်ကူး ခံရသည့် အခြေအနေမှာ တရုတ်နိုင်ငံသို့ ဦးတည်နေသည့် အခြေအနေတွင် ရှိနေသည့် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့တို့မှာ အဓိကထား ဆောင်ရွက်နေမှုများ ရှိနေကြောင်း လူကုန်ကူး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

လူကုန်ကူးမှုမှာ တိုးတက်လာသော နည်းပညာအရ ကျူးလွန်ရန် လွယ်ကူလာခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း ကြီးမားစွာ ရရှိခြင်းတို့ကြောင့် လူကုန်ကူးမှု ပြဿနာမှာ တိုးမြင့်လာကြောင်း ရဲတပ်ဖွဲ့က ၎င်းတို့၏ စစ်ဆေးချက်များကို ပြန်လည် သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် လူကုန်းကူမှု အမှု အရေအတွက်အရ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

(၂၀၁၃ ခုနှစ် မေ ၃၀ ရက်တွင် ထိုင်းနိုင်ငံ DSI အဖွဲ့က လူကုန်ကူးသူ မသက်သက်ဝင်းအား စစ်ဆေးနေစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့))

Eleven Media Group

0 comments:

Post a Comment