19.9.13

မန္တလေးမြို့တွင် HIV ဝေဒနာသည် ၄၀၀၀ ကျော်ရှိနေပြီး အေအာဗွီဆေးဝါး လိုအပ်ချက်များ ရှိနေဆဲဖြစ်

မန္တလေးမြို့တွင် HIV ဝေဒနာသည် ၄၀၀၀ ကျော်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံအား ကျဆင်းသည်ကို ထိန်းချုပ်ပေးသည့် အေအာဗွီဆေးဝါး လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း အေအာဗွီ ဆေးဝါးများ လိုက်လံတိုက်ကျွေး ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။


မြန်မာနိုင်ငံတွင် HIV ရောဂါ ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက် ရှိနေဆဲဖြစ်ပြီး မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် သြဂုတ်လအထိ HIV ရောဂါဖြစ်ပွားမှုကြောင့် အေအာဗွီဆေးဝါး သောက်သုံးနေရ သူများမှာ မန္တလေး ခုနှစ်မြို့နယ်တွင် ၃၂၆၉ ဦးနှင့် မန္တလေးမြို့သိုY ဆေးဝါးလာရောက် ထုတ်ယူသူ ဦးရေမှာ ၄၃၀၀ ကျော်ရှိကြောင်း အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး အေအာဗွီ ဆေးဝါးများ ထောက်ပံ့ပေးနေသည့် The Union's Office in Myanmar မှ လက်ရှိဆေးဝါး တိုက်ကျွေးနေသည့် လူနာစာရင်း မှတ်တမ်းများအရ သိရသည်။

''မြန်မာတစ်နိုင်ငံလုံး အနေနဲ့ ရောဂါဖြစ်ပွားသူဦးရေ အတိအကျ ရနိုင်ဖို့ ဆိုတာကတော့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ ဆေးဝါးလာရောက် ထုတ်ယူနေတဲ့ လူနာစာရင်း တွေအရ ဆိုရင်တော့ ဖြစ်ပွားမှုနှုန်းနဲ့ ကိုက်ညီတဲ့ ဆေးဝါးရရှိနိုင်မှုက လိုအပ်နေဆဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ကလည်း ထောက်ပံ့ပေးနေတဲ့အပြင် အခြားအဖွဲ့အစည်း အချို့ကလည်း အေအာဗွီ ဆေးဝါးတွေကို ထောက်ပံ့ပေးနေပါတယ်။ ဝေဒနာရှင်တွေ အနေနဲ့ အစိုးရဓာတ်ခွဲခန်း တစ်ခုခုကနေ ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိထားတဲ့ အဖြေစာရွက် ရှိထားတဲ့ မည်သူမဆို ဒီဆေးဝါး ထုတ်ပေးနေတဲ့ ဘယ်အဖွဲ့အစည်း နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ဆေးထုတ်ယူလို့ ရပါတယ်'' ဟု HIV ဝေဒနာရှင်များအား ဆေးဝါးကူညီမှုများ ပေးအပ်နေသည့် ဆရာဝန်တစ်ဦးက ရှင်းပြခဲ့သည်။

ဝေဒနာရှင် တစ်ဦးအနေဖြင့် HIV ရောဂါရှိမရှိ စစ်ဆေးရာမှ ဆေးစစ်ချက်မှ ရောဂါရှိကြောင်း အဖြေထွက်ရှိ လာပါက ကျွမ်းကျင်သည့် ဆရာဝန်များဖြင့် နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်ပြီး သမားတော်ကြီးများ၏ ထောက်ခံချက်ဖြင့် ဆေးစတင် ထုတ်ပေးကြောင်း သိရသည်။ ယင်းသို့ ဆေးဝါးများ ထုတ်ပေးရာတွင် ကန့်သတ်ချက်မရှိ ရောဂါရှိကြောင်း ထောက်ခံသည့် ဆေးစာရွက်ဖြင့် အစိုးရ အဖွဲ့အစည်း သို့မဟုတ် အေအာဗွီ ဆေးဝါးထုတ်ပေးနေသည့် အဖွဲ့အစည်းများထံသို့ ဆက်သွယ် လာရောက် ထုတ်ယူသည့် မည်သူမဆို ဆေးဝါးများကို အခမဲ့ ထုတ်ပေးနေကြောင်း အဆိုပါ ဆရာဝန်က ပြောကြားခဲ့သည်။

HIV ရောဂါဖြစ်ပွားမှုကြောင့် အေအာဗွီ ဆေးဝါးကုသမှု ခံယူနေရသည့် ဦးရေမှာ မန္တလေးမြို့တွင် မန္တလေး ခုနစ်မြို့နယ် အပါအ၀င် ဆေးဝါးလာရောက် ထုတ်ယူသူပေါင်း ၇၀၀၀ ကျော်၊ စစ်ကိုင်းမြို့တွင် ရောဂါဖြစ်ပွားသူနှင့် ဆေးဝါးလာရောက် ထုတ်ယူသူ ဦးရေ ၃၀၀ ကျော်၊ ရန်ကုန်သာကေတ ဆေးရုံတွင် ၁၉၀၀ ကျော်၊ မိတ္ထီလာမြို့တွင် ၁၂၀၀ ကျော်၊ မြင်းခြံမြို့တွင် ၅၀၀ ကျော်၊ မုံရွာမြို့တွင် ၁၁၀၀ ကျော်၊ ပခုက္ကူမြို့တွင် ၁၄၀၀ ကျော်၊ တောင်ကြီးမြို့တွင် ၁၁၄၀ ကျော်၊ ကလောမြို့တွင် ၆၂ ဦးနှင့် လားရှိုးမြို့တွင် ၆၅၀ ဦးခန့် ရှိနေကြောင်း The Union's Office in Myanmar မှ လက်ရှိ ဆေးဝါးတိုက်ကျွေးနေသည့် လူနာစာရင်း မှတ်တမ်းများအရ သိရသည်။

(အေအာဗွီဆေးဝါး ထုတ်ယူနေသည့် လူနာတစ်ဦးအား စက်တင်ဘာ ၁၈ ရက်က စစ်ကိုင်းပြည်သူ့ ဆေးရုံကြီးတွင် တွေ့ရစဉ်)

Eleven Media Group

0 comments:

Post a Comment