19.9.13

စည်းကမ်းမဲ့ မောင်းနှင်သည့် မော်တော်ယာဉ်များကို ဒဏ်ငွေတိုးမြှင့်ခြင်းအပြင် ယာဉ်အား ဖမ်းဆီးထိန်းသိမ်း ခြင်းတို့ဖြင့် အရေးယူမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ လျော့ကျစေရန် ဒဏ်ငွေတိုးမြှင့်ခြင်း အပြင် ယာဉ်အား ဖမ်းဆီးထိန်းသိမ်း ခြင်းတို့ဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။


စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို နေ့စဉ်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း လျော့ကျသွားခြင်း မရှိခြင်းကြောင့် ယင်းကဲ့သို့ ထိရောက်စွာ အရေးယူရခြင်း ဖြစ်ကြောင်း သိရသည်။

''မော်တော်ယာဉ် နည်းဥပဒေအရ စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို ပြစ်မှုကျူးလွန်မှုအပေါ် မူတည်ပြီးတော့ ဒဏ်ငွေတွေ ရိုက်ပါတယ်။ ဒါပေမဲ့ စည်းကမ်းဖောက်တဲ့ယာဉ်တွေ လျော့နည်းသွားခြင်း လုံးဝမရှိဘူး။ ဒါကြောင့် ဒဏ်ငွေတွေကို တိုးပြီးရိုက်ဖို့ အတွက် စီစဉ်နေသလို၊ ဆိုးရွားစွာ စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို ထိန်းသိမ်းမယ့် အစီအစဉ် ပြုလုပ်သွားမယ်'' ဟု စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြားသည်။

၂၀၁၃ စက်တင်ဘာ ၁ ရက် ၁၅ ရက် အထိ စည်းကမ်းမဲ့ယာဉ် ၇၄၂၇ စီးကို စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်နောက်လိုက် လိုင်စင်စသည့် အထောက်အထားများ မပါရှိဘဲ စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် ယာဉ်များကို ရန်ကုန်တိုင်း ဒေသကြီး ရှင်စောပုရှိ ယာဉ်ထိန်းရုံးတွင် ၁၄ ရက်ကြာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရဲမှူးသာဌေးက ''ယာဉ်တွေကို ထိန်းသိမ်းလိုက်တော့မှ လိုင်းမဆွဲရလို့ ယာဉ်ပိုင်ရှင်တွေက ၀င်ငွေတွေကျမယ်။ အဲ့တော့မှ ယာဉ်ပိုင်ရှင်တွေက စည်းကမ်းတကျ မောင်းနှင်သွားလာဖို့ သူတို့ရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ပြန်ပြီး ကြီးကြပ်မှာ ဖြစ်တဲ့အတွက် လုပ်ဆောင်ရခြင်း ဖြစ်တယ်။ ယာဉ်ပိုင်ရှင်တွေ အများစုက တာဝန်ယူဖို့ထက် ပိုက်ဆံရဖို့ အတွက်ပဲ ဦးစားပေး နေကြပါတယ်'' ဟု ပြောကြားသည်။

စည်းကမ်းဖောက်မှုကြောင့် အဖမ်းခံရသည့် ယာဉ်များအနက် ၉၀ ရာခိုင်နှုန်းမှာ ခရီးသည်တင် ယာဉ်များဖြစ်ကြောင်း ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

(ဇူလိုင်လအတွင်း အနောက်မြင်းပြိုင်ကွင်းလမ်း၌ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ယာဉ်တစ်စီးကို တွေ့ရစဉ်)

Eleven Media Group

0 comments:

Post a Comment