27.12.13

ဇာတ်လမ်းတွဲ ရိုက်ကူးရင်း လမ်းသစ်ဖောက်တဲ့ အေးမြတ်သူ

ဇာတ်လမ်းတွဲရိုက်ကူးခြင်းသည် လုပ်နေကျလမ်းမှ လမ်းသစ်ဖောက်ခြင်းဖြစ်၍ ပရိသတ်အားပေးမှုဖြင့် ရှေ့ဆက်ချင်ကြောင်း အေးမြတ်သူက ပြောသည်။ “လုပ်နေကျထဲကနေပြီး လမ်းသစ် စဖောက်ကြည့်တာ၊ ခြေလှမ်း စလှမ်းကြည့်တာ။ ပရိသတ်ရဲ့ အားပေးမှုပေါ် မူတည်ပြီး ရှေ့ဆက်တိုးချင်ပါတယ်” ဟု အေးမြတ်သူက ပြောသည်။ ဇာတ်လမ်းတွဲများသည် အပိုင်းရှည်ကာ ရုပ်သံလိုင်းများမှ အပတ်စဉ် ထုတ်လွှင့်ပေးခြင်းဖြစ်၍ ပရိသတ်နှင့်လည်း ပို၍ ရင်းနှီးမှု ရနိုင်မည်ဟု ယူဆကြောင်း အေးမြတ်သူက ပြောသည်။


အေးမြတ်သူသည် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသည့် ဝါစိမ်းနီကမ္ဘာသိမ်းမည် ရုပ်သံဇာတ်လမ်းတွဲတွင် စိမ်းအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ၎င်းပါဝင် သရုပ်ဆောင်ရမည့် ဇာတ်ရုပ်မှာ အသက်ကြီးသည့် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျသည့် ဇာတ်ရုပ်ဖြစ်ကြောင်း သိရသည်။ “အသက်ကြီးတဲ့ အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ လင်ပါသမီးတစ်ယောက်ပါတဲ့ အိမ်ထောင်သည်နေရာက သရုပ်ဆောင်ရမှာပါ” ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ရုပ်နှင့် ပတ်သက်၍ ပြင်ပလောကတွင် ဖြစ်လေ့ရှိသော သဘာဝအတိုင်း ရရှိထားသည့် ဇာတ်ရုပ်နှင့် လိုက်ဖက်မှုရှိအောင် ကြိုးစားသွားမည်ဟု အေးမြတ်သူက ပြောသည်။ အကယ်ဒမီနှင့် ပတ်သက်၍ စိုးမြတ်သူဇာ၊ နဝရတ်၊ ဖွေးဖွေးတို့ ရနိုင်သည်ဟုကြားပြီး ကလေးသရုပ်ဆောင် ယွန်းယွန်းကိုလည်း ကြိုးစားအားထုတ်မှု ကောင်းသောကြောင့် အကယ်ဒမီ ရစေချင်သည်ဟု အေးမြတ်သူက ပြောသည်။ “အကယ်ဒမီ ပေးပွဲလည်း တက်မှာပါ။ ယွန်းယွန်းကို ရစေချင်တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကလည်း အများကြီးကောင်းတော့ အဓိကအနေနဲ့ သူ့ကို ရစေချင်တယ်။ ဖွေးဖွေးတို့၊ နဝရတ်တို့၊ မကြီးစိုးတို့ ရမယ်လို့လည်း ကြားပါတယ်” ဟု ၎င်းကပြောသည်။


Credit : Planet
The Melting Pot 4 U

0 comments:

Post a Comment