27.12.13

CIF တန်ဖိုးထွက်ပေါ်လာပြီးနောက် Mark X ၊ Axio နှင့် Harrier ကားများ ပေါ်ပြူလာဖြစ်လာနိုင်ဟု ကားတင်သွင်းသူများသုံးသပ်

CIF တန်ဖိုးထွက်ပေါ်လာပြီးနောက် ၂၀၁၄ခုနှစ်တွင်Mark X ၊ Toyota Corolla Axio နှင့် Harrier ကားများမှာ ပေါ်ပြူလာဖြစ်လာနိုင်သည်ဟု ကားတင်သွင်းသူများကသုံးသပ်ခဲ့ကြသည်။

ဒီဇင်ဘာ၂၄ရက်ကတရားဝင်ထုတ်ပြန်ခဲ့သော၂၀၁၄ခုနှစ်အတွက် CIF တန်ဖိုးသတ်မှတ်ချက် Mark X ၊ Axio နှင့် Harrier ကားများကိုအခွန်နှုန်းထားများ သိသိသာသာ လျှော့ချပေးခဲ့၍ ထိုကားများအပေါ် အာရုံစိုက်မှု ပိုမိုများပြားလာဖွယ်ရှိကြောင်း ကားအရောင်းစင်တာပိုင်ရှင်တစ်ဦးကသုံးသပ်ခဲ့သည်။



ထိုကားများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေအပေါ်ကားအရောင်းစင်တာပိုင်ရှင်တစ်ဦးက “၂၀၁၄ခုနှစ် CIF တန်ဖိုးအသစ်မှာ Mark Xကားတွေကိုတန်ဖိုး ဒေါ်လာနှစ်ထောင်နဲ့ သုံးထောင်ကြား လျှော့ချပေးခဲ့ပေမဲ့ဒီကားနဲ့အပြိုင် ရေပန်းစားနေတဲ့ Crown ကိုတော့အခွန်သိသိသာသာမလျှော့ချပေးခဲ့ပါဘူး။ Harrrier 2003 မိုဒယ်ဆိုရင်လည်း ပေါ်ပြူလာ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ Harrier 2003 မိုဒယ်က Toyota Brand ဖြစ်တဲ့အတွက် ကြံ့ခိုင်မှုအပိုင်းမှာ ပြောစရာ မလိုသလို ဒီကားရဲ့Facility ကလည်း ဆလွန်းကားအတိုင်းဖြစ်လို့ လူကြိုက်များလာနိုင်ပါတယ်။ Axio ကိုကျတော့ CIF တန်ဖိုးတစ်ဝက်လောက် လျှော့ချပေးလိုက်ပြီး ဒီကားကလည်း တစ်ကမ္ဘာလုံးကြိုက်တဲ့ကား ဖြစ်တဲ့အတွက် မြန်မာပြည်ဈေးကွက်မှာ နေရာယူလာနိုင်ဖွယ်ရှိပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

၂၀၁၄ CIF တန်ဖိုးတွင် Mark ကားများကိုတန်ဖိုးလျှော့ချပေးခဲ့ရာတွင် ၂၀၀၄မိုဒယ်ကိုယခင် ဒေါ်လာ ၈,၃၀၀မှ ၆,၀၀၀၊ ၂၀၀၅မိုဒယ်ကို ယခင် ဒေါ်လာ၁၀,၀၀၀မှ ၈,၀၀၀၊ ၂၀၀၆မိုဒယ်ကို ယခင်ဒေါ်လာ၁၂,၀၀၀မှ ၁၀,၀၀၀၊၂၀၀၇မိုဒယ်ကို ယခင်ဒေါ်လာ ၁၄,၀၀၀မှ ၁၂,၀၀၀၊ ၂၀၀၈မိုဒယ်ကို ယခင်ဒေါ်လာ ၁၈,၀၀၀မှ ၁၄,၀၀၀အထိ လျှော့ချပေးခဲ့သည်။ Harrier ကားများကိုတန်ဖိုး လျှော့ချပေးခဲ့ရာတွင် ၂၀၀၀မိုဒယ်ကိုယခင် ဒေါ်လာ ၅,၅၀၀ မှ ၄,၅၀၀၊ ၂၀၀၁ မိုဒယ်ကိုယခင် ဒေါ်လာ၆,၅၀၀ မှ ၅,၅၀၀၊၂၀၀၂ မိုဒယ်ကိုယခင် ဒေါ်လာ ၇,၅၀၀မှ ၆ç၅၀၀၊၂၀၀၃ မိုဒယ်ကိုယခင် ဒေါ်လာ ၁၀,၀၀၀ မှ ၈,၅၀၀၊၂၀၀၄ မိုဒယ်ကိုယခင် ဒေါ်လာ ၁၂,၀၀၀ မှ ၁၀,၀၀၀၊၂၀၀၅ မိုဒယ်ကိုယခင် ဒေါ်လာ ၁၄,၀၀၀ မှ ၁၁,၀၀၀၊ ၂၀၀၆မိုဒယ်ကိုယခင် ဒေါ်လာ ၁၆,၀၀၀မှ ၁၂,၀၀၀၊ ၂၀၀၇မိုဒယ်ကို ယခင် ဒေါ်လာ ၁၈,၀၀၀မှ ၁၇,၀၀၀ အထိ တန်ဖိုးလျှော့ချပေးခဲ့သည်။

Toyota Corolla Axio ကားများကိုလည်း ယခင်တန်ဖိုးထက် တစ်ဝက်နီးပါး လျှော့ချပေးခဲ့သောကြောင့် မြန်မာ ပြည်ဈေးကွက်၌ ထိုကားများ ဈေးနှုန်းကျဆင်းပြီး ပေါ်ပြူလာ ဖြစ်လာနိုင်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။

Automobile journal

0 comments:

Post a Comment